DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်က ကျေးရွာ ၃ ရွာ မီးရှို့ခံရ၊ စစ်တပ်တိုက်ခိုက်မှုကြောင့် တနင်္သာရီပြည်သူ ၄ ဦး ဒဏ်ရာရ 
DVB
·
September 10, 2024
ခင်ဦးမြို့နယ်က ကျေးရွာ ၃ ရွာ မီးရှို့ခံရ၊ စစ်တပ်တိုက်ခိုက်မှုကြောင့် တနင်္သာရီပြည်သူ ၄ ဦး ဒဏ်ရာရ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက စည်ပုတ္တရာရွာ၊ ပေါက်သင်တုံရွာ၊ ဂျပို့ရွာတွေကို စက်တင်ဘာ ၁၀ ရက်‌ မနက် ၁၀ နာရီမှာ စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

“သူတို့က ဒီနေ့မနက်ခင်း အစောကြီးကစပြီး မဒေါင်းလှပျူရွာကနေ စစ်ကြောင်းခွဲပြီး ဝင်လာတယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ကို မီးရှို့နေကြတယ်။ ကျမတို့ရွာတွေထဲက‌နေ မီးခိုးတွေ မည်းမှောင်နေအောင် တက်နေတာ။ အဝေးကနေပဲ ကြည့်ရတာပါ့ရှင်။ သူတို့နဲ့လည်း မတွေ့အောင် ရှောင်နေရတယ်။” 

ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဒေသခံ ပြည်သူတွေက ထောက်ပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အခုလို ကျေးရွာတွေကို မီးရှို့နေတာလို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ကျနော်တို့ မဒေါင်းလှပျူရွာကို တိုက်ပြီးတဲ့နောက်ပိုင်း စစ်တပ်နဲ့ ပျူစောထီးတွေက သူတို့စခန်းဖြစ်တဲ့ မဒေါင်းလှရွာ အနီးဝန်းကျင်က ရွာတွေကို မီးရှို့နေတာဗျ။ ပြည်သူကို သက်သက် ဒုက္ခပေးနေတာ။ ကျေးရွာထဲက အိမ်တွေကို မီးရှို့နေတာ ဟုတ်တယ်။ မီးလောင်အိမ် အတိအကျတော့ စစ်‌ေ-း တွေက ရွာထဲက မထွက်သေးတော့ ဘာမှမသိရသေးဘူး။”

ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီးချိန်စလို့ စက်တင်ဘာ ၂ ရက်က ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်က အင်ကြင်းပင်ရွာ၊ စောကြီးရွာ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်က ပေါက်တောရွာ၊ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်မှာ ဆီဆုံလေး၊ စက်တင်ဘာ ၇ ရက်မှာ မဒေါင်းကြီးရွာ၊ ရွှေကာရွာ စတဲ့ ကျေးရွာပေါင်း ၁၀ ရွာကို မီးရှို့ဖျက်ဆီးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တပ်က မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုမှာ စစ်‌ကောင်စီရဲ့ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ရွာထဲ ဗုံးသီးချ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ကျည်စထိမှန် ပြင်းထန်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ‌ဒေသခံပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဒရုန်းတွေနဲ့ ဘန်လောရွာ(အနောက်ကမ်း)ဘက်ကို စက်တင်ဘာ ၉ ရက် မနက်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ နေအိမ် ၂ ဆောင်ပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ယောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။

ဗုံးသီးအစထိမှန်တာကြောင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ခင်ဝယ် ဆိုသူရဲ့ နဖူးမှာ ပြင်းထန်ဒဏ်ရာရသွားသလို အသက် ၃၁ နှစ်အရွယ် ဒေါ်ဖြူဇင်ထွေးရဲ့ ခါးဘေးဘက် နံရိုးအောက်နားမှာလည်း ဗုံးသီးအစမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဒေါ်ခင်ဝယ်မှာက နဖူးအရေပြား ပြဲလှန်သွားတယ်။ သူ့ကိုတော့ ရှေးဦးပြုစုပြီးနောက် ဆေးခန်းကို ရွှေ့ပြောင်းပေးလိုက်တယ်။ နှစ်ယောက်လုံးက နေအိမ်တွေမှာ ရှိနေတုန်း ဗုံးသီးကျပြီး ထိခိုက်တာပါ။ အရှေ့အိမ်နဲ့ အနောက်အိမ် ကပ်နေတာပါ” လို့ ပြောပါတယ်။

ဒီမတိုင်ခင် စက်တင်ဘာ ၇ ရက် မနက် ၉ နာရီခန့်က ဘန်လင်ရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ကြောင့် အသက် ၅၅ နှစ်အရွယ် ကိုစိုးလွင်ရဲ့ ဘယ်ဘက်တင်ပါးဆုံမှာ ထိုးဖောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်ပြီး နောက်တရက် ညနေ ၃ နာရီခန့်မှာ ဘန်လင်ရွာထဲကို ဒရုန်းနဲ့ ထပ်မံ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အသက် ၄၄ နှစ်အရွယ် ကိုသားပုမှာ ညာဘက်ခြေထောက်နဲ့ လက်မောင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “စစ်တပ်က ဘယ်နေရာကနေ ဗုံးသီးလာချနေလဲတော့ မသိဘူး။ ဒရုန်းတွေက တစင်းတက်လာပြီး ဗုံးသီးချတယ်။ ပြီးရင် နောက်တစင်း ထပ်တက်လာပြီး ပြန်လာချတယ်။ ဆက်တိုက်ပဲ လုပ်နေတာပါ။ ၄၊ ၅ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးလာကြဲနေတာပါ” လို့ ပြောပါတယ်။

အဆိုပါ ၃ ရက်အတွင်းမှာ စစ်ကောင်စီက ဒရုန်းအသုံးပြုပြီးပဲ ဗုံးသီးချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုနေပြီး ကျေးရွာထဲ ပြည်သူတွေ ရှိနေချိန်မှာ အခုလို ဗုံးသီးချတိုက်ခိုက်တာလို့ ပြောပါတယ်။

အခု စက်တင်ဘာလ အစလောက်တည်းက စပြီး တနင်္သာရီမြို့နယ်ဘက်မှာ စစ်ကောင်စီတပ် သွားလာလှုပ်ရှားမှုတွေ ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် ‌ကျေးရွာတချို့က ပြည်သူတွေလည်း စစ်ရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013