DVB Logo
Home
နိုင်ငံတကာ
စစ်ရှောင်ထောင်ချီ ထွက်ပြေးလာသဖြင့် ဆားဘီးယားတွင် ရုရှားရပ်ကွက် ပေါ်ပေါက်
DVB
·
September 10, 2024
စစ်ရှောင်ထောင်ချီ ထွက်ပြေးလာသဖြင့် ဆားဘီးယားတွင် ရုရှားရပ်ကွက် ပေါ်ပေါက်
Donate to DVB

ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် ဆင်နွှဲချိန်ကစပြီး ဆားဘီးယားနိုင်ငံထဲကို ထွက်ပြေးလားတဲ့ ထောင်သောင်းချီနေတဲ့ ရုရှားတွေကြောင့် ဘဲလ်ဂရိတ်မြို့တော်မှာ မီနီ ရုရှား လို့ခေါ်တဲ့ ရုရှားနိုင်ငံ အသေးစားအဖြစ် တင်စားရတဲ့ရပ်ကွက် ဖြစ်ထွန်းလာပါတယ်။

စစ်မှုမထမ်းမနေရ အမိန့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ပဋိပက္ခတို့ကနေ ထွက်ပြေးလာတဲ့ လူတွေဟာ ရုရှားမြို့တော် မော်စကိုနဲ့ ဆားဘီးယား မြို့တော် ဘဲလ်ဂရိတ်ကြား ရှေးဟောင်းယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှုတွေကြောင့် ဘဲလ်ဂရိတ်ဆီ ထွက်ပြေးလာသူတွေ များခဲ့ပါတယ်။

ဆားဘီးယားကို ထွက်ပြေးလာတဲ့ ရုရှားဦးရေဟာ ဂျာမနီနဲ့ ပိုလန်တို့ဆီ ပြေးတဲ့ လူဦးရေထက် ပိုနည်းပေမဲ့ လူဦးရေ ၂ သန်းအောက်သာရှိတဲ့ ဘဲလ်ဂရိတ်မြို့မှာတော့ သိသိသာသာ များနေတယ်လို့ ဆိုနိုင်ပါတယ်။

ရုရှားပိုင်ကလပ်တွေ၊ မူကြိုကျောင်းနဲ့ ဆေးခန်းတွေလည်း ဘဲလ်ဂရိတ်မှာ ရှိနေတာပါ။ ရုရှားလူမျိုးတွေက ရုရှားဆိုင်တွေမှာ စားစရာ ဝယ်ကြပါတယ်။ ရုရှားပန်းချီပြခန်းမှာ ရုရှား အနုပညာရှင်တွေက သူတို့ရဲ့လက်ရာတွေကို ခင်းကျင်း ပြသသလို ရုရှားကလပ်တွေ၊ ဘားတွေမှာလည်း ရုရှားတီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လူရွှင်တော်တွေက ဖျော်ဖြေကြပါတယ်။

ရုရှားလူမျိုးတွေအနေနဲ့ သူတို့ရဲ့ လူ့အဖွဲ့အစည်း အပြင်ဘက်ကို သွားစရာ မလိုလောက်အောင် အခြေခံအဆောက်အဦတွေ ပြည့်ပြည့်စုံစုံ ရှိနေတယ်လို့ စိတ်ပညာရှင် မစ်ရှဲ ဒီယာက ပြောပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလို့ ဖြစ်တဲ့ စိတ်ဖိစီးမှုတွေက လူတွေကြားမှာ ပေါင်းသင်းဆက်ဆံဖို့ ဆန္ဒကင်းမဲ့စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တခြားရုရှားတွေနဲ့တောင် အဆက်အဆံ မလုပ်တဲ့ ရုရှားတွေ ရှိနေတာ တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ နှစ်လယ်ပိုင်းအထိ ရုရှားဦးရေ ၃၀,၀၀၀ ကျော်ဟာ ဆားဘီးယားနိုင်ငံထဲမှာ ယာယီနေဖို့ မှတ်ပုံတင်ခဲ့ကြတယ်လို့ ဆားဘီးယား ပြည်ထဲရေးဝန်ကြီးဌာန နောက်ဆုံးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။

အဲဒီနောက်ပိုင်း သတင်းအချက်အလက်တွေကို အရာရှိတွေက မထုတ်ပြန်ပေမဲ့ မြေပြင်မှာ လူဦးရေ သိသိသာသာ တိုးလာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဆားဘီးယားနဲ့ ရုရှား ၂ နိုင်ငံကြား ဆက်ဆံရေးက နှစ်ရာချီနေပြီး ဒီနေ့ထိ ဖော်ရွေ ပျူငှာနေဆဲပါ။

ဒါပေမဲ့ ဆားဘီးယား အစိုးရကတော့ ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပါတယ်။

အခု ဆားဘီးယားကို အသစ်ရောက်လာတဲ့ ရုရှားတွေထဲမှာ လူအများအပြားက သတင်းနည်းပညာလို နယ်ပယ်တွေက ပညာရှင်တွေ ဖြစ်နေလို့ ဆားဘီးယား စီးပွားရေးအတွက် အားပေးမြှင့်တင်မှုတရပ် ဖြစ်လာလိမ့်မယ်လို့လည်း နိုင်ငံရေး သိပ္ပံပညာရှင် အလက်စန်ဒါ ယိုကစ်က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013