DVB Logo
Home
Lead Story
သူပုန်တွေရဲ့ အောင်ပွဲနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မလား (၁)
DVB
·
September 10, 2024
သူပုန်တွေရဲ့ အောင်ပွဲနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မလား (၁)
Donate to DVB

ပြီးခဲ့တဲ့တပတ်က ရေးခဲ့တဲ့ “စစ်ကိုအခွင့်အရေးပေး” ဆိုတဲ့ ဆောင်းပါးကို မေးခွန်းတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ကျမကိုယ်တိုင်ကတော့ စစ်နဲ့ ငြိမ်းချမ်းရေးရဲ့ ဝိရောဓိတွေကြားမှာ ပိတ်မိနေတုန်းဖြစ်တဲ့အပြင် ပြည်တွင်းစစ်နဲ့ လွတ်ရာကင်းရာမှာ ရောက်နေသူတယောက် ဖြစ်တဲ့အတွက် ဒီမေးခွန်းတွေရဲ့အဖြေကို ပေးနိုင်တဲ့သူနေရာမှာ ရှိမနေပါဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ ကျမ မေးခဲ့တာက မေးခွန်းသုံးခုပါ။

စစ်ပွဲတွေက အမှန်တကယ်ပဲ ငြိမ်းချမ်းရေးကို ယူဆောင်လာမှာလား။

စစ်ပွဲတွေ ပြီးဆုံးသွားချိန်ကျမှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာလား။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အစပြုနိုင်ဖို့ စစ်ပွဲတွေကို အခွင့်အရေး ပေးလိုက်သင့်ပြီလား။

ဒီတကြိမ်မှာတော့ Edward N Luttwak ရဲ့ “စစ်ကို အခွင့်အရေးပေး” ဆိုတဲ့ သဘောတရား မှန်ပြောင်းကို အချက်အလက်တွေနဲ့ သုံးသပ်ဝေဖန်ထားတဲ့ ပရော်ဖက်ဆာ Monica Duffy Toft ရဲ့ “သူပုန်တွေရဲ့အောင်ပွဲက ပြည်တွင်းစစ်ကို အဆုံးအဖြတ်ပေးနိုင်မလား” ဆိုတဲ့ ဆောင်းပါးက အာဘော်ကို မျှဝေချင်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက မူဝါဒချမှတ်သူတွေဟာ ပြည်တွင်းစစ်တွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့နည်း (negotiated settlements) နဲ့ ရပ်တန့်ကြဖို့ ပိုပြီးတော့ လိုလားလာကြတယ်။ ဒီမူဝါဒကို အဓိက တွန်းပို့ကြတဲ့ အကြောင်းရင်းက ပြင်ပက တတိယအုပ်စုတွေရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့ ရာထူးရာခံတွေ ပေးပြီး စစ်ပွဲတွေကို ရပ်တန့်ဖို့၊ နှစ်ဖက် တိုက်ခိုက်နေသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မူဝါဒ ချမှတ်သူတွေရဲ့ သဘောထားကတော့ စစ်ပွဲတွေ မြန်မြန်အဆုံးသတ်လေလေ လူတွေအတွက် ပိုအကျိုးရှိလေ ဆိုတဲ့သဘော ဖြစ်ပါတယ်။

Edward N Luttwak ရဲ့ အယူအဆအရ ဆိုရင်တော့ စစ်ပွဲတွေမှာ တဖက်ဖက် အနိုင်တိုက်နိုင်လိုက်တဲ့အခါပဲဖြစ်ဖြစ်၊ နှစ်ဖက်လုံး စစ်ပန်းလာတဲ့အခါမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဖြစ်လာတတ်ကြတယ်။ အကြမ်းဖက်မှုတွေရဲ့ အထွတ်အထိပ်ကို ကျော်လွန်ပြီးကာမှ စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

အဲဒီအယူအဆ ၂ ခုစလုံးဟာ သူ့ရှုထောင့်နဲ့သူ စိတ်ဝင်စားစရာကောင်းပေမဲ့ ချို့ယွင်းချက်တွေတော့ ရှိကြတယ်လို့ မိုနီကာက သုံးသပ်ပါတယ်။

ပြည်တွင်းစစ် ရပ်စဲဖို့ရာအတွက် အရေးပါတဲ့ အကြောင်းရင်းသုံးရပ် ရှိပါတယ်။ ပထမအချက် အနေနဲ့ ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေက စစ်ပွဲရဲ့ အကျိုးဆက်တွေနဲ့ ကုန်ကျစရိတ်တွေကို တွေးပြီး “စစ်ကို အခွင့်အရေးပေး” ဆိုတဲ့ သီအိုရီကို အတိုက်အခံလုပ်ကြမှာတော့ အသေအချာပဲ။ ဒါပေမဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ စစ်ပွဲရဲ့ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေကို စနစ်တကျ လျော့ပါးစေရေးနဲ့ လူအများစုရဲ့ကောင်းကျိုးကို ကြည့်မယ်ဆိုရင်တော့ “စစ်ကို အခွင့်အရေးပေး” ဆိုတဲ့ သီအိုရီဟာ အလေးအနက် စဉ်းစားသင့်တဲ့ သီအိုရီတခု ဖြစ်တယ်လို့ မိုနီကာက ရေးသားထားပါတယ်။

ဒုတိယတချက်ကတော့ ပြည်တွင်းစစ်ရဲ့သဘောက အင်မတန် အဖျက်သဘောဆောင်ပြီး ဟိဂ်နဲ့ ဂျီနီဗာ သဘောတူညီချက်တို့လို နိုင်ငံတကာဥပဒေသတွေကိုလည်း လိုက်နာတဲ့ အစဉ်အလာတွေလည်း နည်းပါးကြတယ်။ ၁၉၇၇ ခုနှစ်မှာ ဖြည့်စွက်ခဲ့တဲ့ “အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု” တွေကို အကာအကွယ်ပေးတဲ့ ပရိုတိုကောအသစ်တွေ ဂျီနီဗာကွန်ဗန်းရှင်းမှာ ထပ်တိုးလာပေမဲ့လည်း အစိုးရတွေက သူပုန်တပ်တွေကို ချေမှုန်းရာမှာ အသုံးပြုနိုင်တဲ့ အင်အားပမာဏ (သို့မဟုတ်) သဘာဝကို ကန့်သတ်ထားတာ မရှိပါဘူးတဲ့။

တတိယတချက်ကတော့ မူဝါဒချမှတ်သူတွေဟာ စစ်ပွဲတွေပြီးသွားတာနဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ တိုးတက်လာဖို့နဲ့ စီးပွားရေး ပြန်လည်ထူထောင်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့ အမြန်ဆုံးကြိုးစားကြတာ ဖြစ်တဲ့အတွက် ပဋိပက္ခအလွန်ကာလမှာ ဘယ်ရေခံမြေခံကတော့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ လစ်ဘရယ်စျေးကွက်တွေ ရှင်သန်အားကောင်းလာဖို့ အလားအလာရှိသလဲ၊ ဘယ်ရေခံမြေခံကတော့ အာဏာရှင်စနစ်၊ အကျင့်ပျက်ခြစားမှုနဲ့ စစ်ပွဲတွေ ပြန်ခေါင်းထောင်လာဖို့ အလားအလာရှိသလဲ ဆိုတာကို သိထားဖို့က အင်မတန် အရေးကြီးတယ်လို့ မိုနီကာက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပရော်ဖက်ဆာ မိုနီကာဟာ ပြည်တွင်းစစ်တွေကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်လေ့ရှိကြသလဲ ဆိုတာကို ကိန်းဂဏန်း အချက်အလက်တွေ ရှာဖွေပြီး သုတေသန ပြုခဲ့ပါတယ်။ ဒီသုတေသနမှာ စစ်ပွဲတွေအဆုံးသတ်တဲ့ ပုံစံသုံးခုဖြစ်တဲ့ ညှိနှိုင်းအဖြေရှာတဲ့ပုံစံ၊ အပစ်အခတ်ရပ်စဲတဲ့ပုံစံနဲ့ တဖက်ဖက်က အနိုင်ရတဲ့ပုံစံကို ကိန်းရှင်သုံးခုအဖြစ် ထားပါတယ်။ တကျော့ပြန်စစ်ပွဲတွေ ဖြစ်မဖြစ်ကို မှီခိုကိန်းရှင်အနေနဲ့ တိုင်းတာပါတယ်။

ညှိနှိုင်းအဖြေရှာတဲ့ပုံစံ ဆိုတာကတော့ ကြားခံအဖွဲ့အစည်းတခုခု (UN, ICRC, African Unity) ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်ပွဲရပ်ဖို့နဲ့ စစ်ပွဲအပြီးမှာ နယ်မြေကို ဘယ်လိုခွဲဝေ အုပ်ချုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တခုထားပြီး စစ်ပွဲရပ်တဲ့ပုံစံ ဖြစ်တယ်။

အပစ်အခတ်ရပ်စဲတဲ့ ပုံစံကတော့ စစ်ပွဲအပြီးမှာ နယ်မြေကို ဘယ်လိုခွဲဝေအုပ်ချုပ်ကြမယ် ဆိုတဲ့ သဘောတူညီချက်မျိုး မပါဘဲနဲ့ အပစ်အခတ် ရပ်စဲလိုက်ရုံသက်သက် ပုံစံမျိုး ဖြစ်တယ်။

တဖက်ဖက်က အောင်ပွဲရတဲ့ပုံစံကတော့ တဖက်ဖက်က အပြတ်အသတ် စစ်နိုင်သွားတဲ့ပုံစံမျိုး ဖြစ်တယ်။ အနီးစပ်ဆုံး ဥပမာပြရရင် ၂၀၀၉ ခုနှစ်က သီရိလင်္ကာအစိုးရက တမီးလ် ကျားသူပုန်တွေကို အပြတ်အသတ် ချေမှုန်းလိုက်တဲ့ပုံစံမျိုးကို ဆိုလိုတာပါ။

မိုနီကာရဲ့ သုတေသနမှာ ၁၉၄၀ နဲ့ ၂၀၀၀ ပြည့်နှစ်အကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ ပါဝင်ပါတယ်။

ပြည်တွင်းစစ်တွေ အဆုံးသတ်တဲ့ပုံစံဟာ ၁၉၄၀ ပြည့်နှစ်လောက်ကတည်းက စပြီး သိသိသာသာ ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၀ ပြည့်နှစ်လောက်အထိ တော်လှန်ရေးတပ်ဖွဲ့ သို့မဟုတ် အစိုးရတွေရဲ့ အောင်ပွဲနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့တာက ၇၅ ရာခိုင်နှုန်းကနေ ရာနှုန်းပြည့်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ တဖက်ဖက်က အောင်ပွဲခံလို့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တာက ၄၁ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်လာတာကလည်း ၄၁ ရာနှုန်းလောက် ရှိလာခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲလိုက်၊ ပြန်တိုက်လိုက် ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကိုတော့ ၂၀ ရာနှုန်းနီးပါး တွေ့ရပါတယ်။ မော်နီကာက စစ်ပွဲအဆုံးသတ်တဲ့ ပုံစံ ၃ မျိုးကို ဂရပ်မျဉ်းတွေနဲ့ ပြသထားပါတယ်။

မွန်မွန်မြတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013