DVB Logo
Home
မြန်မာသတင်း
ဖားကန့် ဆိုင်းတောင်ရွာ၌ ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးထက်မနည်း သေဆုံး၊ ရွာသား ထောင်ချီ စစ်ရှောင်
DVB
·
September 9, 2024
ဖားကန့် ဆိုင်းတောင်ရွာ၌ ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးထက်မနည်း သေဆုံး၊ ရွာသား ထောင်ချီ စစ်ရှောင်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA, PDF တွေအကြား စစ်ရေးတင်းမာနေပြီး လူ ၄ ယောက်ထက်မနည်း ပစ်သတ်ခံရကာ ပြည်သူ ၁,၅၀၀ ဝန်းကျင်ကတော့ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

ဖားမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက်ကစပြီး စစ်ကြောင်းထိုးနေလို့ အောင်မြေကွက်သစ်၊ ယူမာ၊ ထုံးဘို၊ ဂျမ်ကပ် ရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတာပါ။

စက်တင်ဘာ ၇ ရက် မနက် ၁ နာရီလောက်မှာတော့ KIA နဲ့ PDF တချို့ ရှိနေတယ်လို့ ယူဆရတဲ့ ဆိုင်းတောင်ရွာထဲက Lucky Men ဟိုတယ်နဲ့ KTV ဆိုင်ဝန်းကျင်မှာ အဲဒီစစ်ကြောင်းက ဝင်ရောက်နေရာယူခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်လာတဲ့အပြင် ဖားကန့်ဗျူဟာကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို သွားရောက်ညှိနှိုင်းပေးတဲ့ PCG အဖွဲ့ခေါင်းဆောင် ဦးယွတ်ဇော်ခေါင်ပါ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ PCG အဖွဲ့တွေကတော့ ပြည်သူလူထုကို ဝိုင်းပြီးမှ အခုလိုမျိုးလုပ်တာတော့ မသင့်လျော်ဘူး မကောင်းဘူးပေါ့။ အဲဒါ ပြည်သူလူထုကို လွှတ်ပေးပါဆိုပြီး ကြားကနေပြီး ညှိပေးတယ်ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ စကစ ဘက်ကတော့ အဲဒါကို လက်မခံပုံ ရပါတယ်။ ပြန်ပစ်တယ်ဆိုတာ ကြားရပါတယ်။ အခုလောလောဆယ်ကတော့ ငြိမ်တဲ့အဆင့်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ သတင်းအပြည့်အစုံတွေ မြေပြင်က သတင်းတွေကတော့ ကျနော်တို့လည်း အခက်အခဲတွေ အများကြီးရှိတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီနောက် လူဦးရေ ထောင်နဲ့ချီ နေထိုင်တဲ့ ဆိုင်းတောင်တရွာလုံးနီးပါး အလံဖြူထောင်ကာ နီးစပ်ရာတွေဆီ စစ်ရှောင်ခဲ့ကြရပြီး ပစ္စည်းတွေဖောက်ထွင်းခံရမှာ စိုးတဲ့အတွက် အိမ်စောင့်အဖြစ် ကျန်ရစ်သူတွေလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။

စက်တင်ဘာ ၈ ရက် ညပိုင်းအထိ စစ်ရေးတင်းမာနေပြီး ဖားကန့်ဗျူဟာကနေ လက်နက်ကြီးတွေ တညလုံး ပစ်ခတ်နေကာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းအထိလည်း ဆိုင်းတောင်ရွာအဝင်ကို ပိတ်ထားကြောင်း သိရပါတယ်။

ဖားကန့်ဒေသခံ စစ်ရှောင်ကူညီနေသူက “အဝင်ပိတ်ထားတယ်ပေါ့၊ အထွက်ပဲရတယ်။ အဲလို အနေအထားမျိုးရှိနေတဲ့ အနေအထားဆို‌‌တော့ ကျနော်တို့က ဆိုင်းတောင်ကို သွားနိုင်တဲ့ အနေအထားမရှိဘူး ဖြစ်နေတယ်။ အဲဒီမှာ ပစ်သတ်ခံရတဲ့ အနေအထားက ဘယ်သူ ဘယ်ဝါဆိုတာ မသိပေမဲ့ စုစုပေါင်း သေဆုံးသူက ၄ ဦးရှိတယ် ဆိုပြီးတော့ ဆိပ်မူက ထွက်ပြေးလာတဲ့လူတွေ ပြောတဲ့ဟာတွေက ကြားရတယ်ပေါ့။ မနေ့ညက တောက်လျှောက်ကို ကြားနေရတဲ့ အနေအထားတော့ ရှိတယ်။ တရွာလုံးကြီးတော့ ပြောင်းရွှေ့သွားတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ တချို့အခြမ်းတွေမှာတော့ နေလို့ရသေးရင် နေကြသေးတဲ့ အနေအထားတော့ ရှိတာပေါ့။ အဲတော့ ကျနော်တို့ ခန့်မှန်းပြောရရင် မနေ့ညနေပိုင်းက ရွှေ့တာတွေက ၁,၀၀၀ ကျော်ဆိုတော့ အရင်‌နေ့က ရွှေ့တာတွေနဲ့ ဆိုရင်တော့ ၁,၅၀၀ လောက်တော့ရှိမယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ ၂ ယောက်နဲ့ သေဆုံးသူ ၁ ယောက်လည်း ရှိခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ၁၀ ယောက်ဝန်းကျင်အထိ ရှိနေနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ဖားကန့်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်ရွာထဲကိုလည်း ဝင်မရလို့ အခြေအနေ အသေးစိတ်ကို DVB က စုံစမ်းနေတုန်း ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေကိုတော့ နီးစပ်ရာ ဆွေမျိုးအိမ်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာချထားပြီး ဖားကန့်ဒေသခံတွေကပဲ စုပေါင်းလှူဒါန်းပြီး စောင့်ရှောက်ထားကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013