DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် စစ်တပ်စခန်းကို PDF ဝင်တိုက်ပြီး ၇ ဦး သေဆုံး
DVB
·
September 9, 2024
ကြို့ပင်ကောက်တွင် စစ်တပ်စခန်းကို PDF ဝင်တိုက်ပြီး ၇ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာအတွင်း စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းက စစ်အုပ်စု တပ်စွဲထားတဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ပျူစောထီး ၇ ယောက် သေဆုံးကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အ‌ယောက် ၂၀ နဲ့ ပျူစောထီး ၁၅ ယောက် တပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူး စောမင်းနိုင်ရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၅ နာရီက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ တာဝန်ခံ ရိုးမနဂါးက ပြောပါတယ်။

“ဝင်တိုက်တဲ့အချိန် ပျူတချို့ကတော့ ထွက်ပြေးသွားတယ်။ တိုက်ပွဲက ၂ နာရီကျော်လောက် ကြာသွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး ကျသွားတာရယ် ကျည်မလုံလောက်တာရယ်ကြောင့် ပြန်ပြီး ဆုတ်ခွာခဲ့တာပါ။”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ပျူစောထီး ၄ ယောက် သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို Faw ကား ၂ စီးနဲ့ ကြို့ပင်ကောက်မြို့ပေါ်ကို သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers GBK-PDF၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၆ Black Dragon GBK-PDF နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၆ AYEYAR NYI NAUNG စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကား ၂ စီး ကွင်းချောင်းရွာဘက်ကို ရောက်ရှိလာကာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ စခန်းပုံစံ တပ်စွဲထားကာ အင်အားဖြည့်တင်းထား​ပြီး ဆက်သွယ်ရေးတူးမြောင်းတွေနဲ့ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားကြောင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ က အထူးအသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013