DVB Logo
Home
မြန်မာသတင်း
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွတ်ဇော်ခေါင် စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရ
DVB
·
September 9, 2024
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွတ်ဇော်ခေါင် စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာမှုတွေကို ညှိနှိုင်းဖျန်ဖြေဖို့ သွားရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG (Peace talk Creation Group) ခေါင်းဆောင် ဦးယွတ်ဇော်ခေါင်ဟာ စက်တင်ဘာ ၈ ရက်က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ကျည်ဆန်ထိမှန်ပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ PCG အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဦးယွတ်ဇော်ခေါင်ဟာ ကချင်အမျိုးသားရေးလှုပ်ရှားသူအဖြစ်လည်း နာမည်ကြီးပြီး စစ်ကောင်စီခန့် လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပါတယ်။

ကချင်တမျိုးသားလုံးရဲ့ ခေါင်းကိုင်ဖခင်ဖြစ်သလို Jade Land ကျောက်စိမ်းတူးဖော်ရေးနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ စက်တင်ဘာ ၇ ရက်ကတည်းက စစ်ရေးတင်းမာမှုတွေ ဖြစ်နေခဲ့ကြတာပါ။ စက်တင်ဘာ ၈ ရက်မှာ စစ်ကောင်စီက ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ မှာရှိတဲ့ Lucky Men Hotel ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ဟိုတယ်အတွင်းမှာရှိတဲ့ လာရောက်တည်းထိုသူတွေ၊ အဆိုပါဟိုတယ်ရှိ KTV hi ခန်းမှာ လာရောက် ပျော်ပါးနေသူတွေနဲ့ KIA ဘက်က အရာရှိတချို့နဲ့ သူတို့နဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဖားကန့်ရှိ စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Lucky Men Hotel ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး နောက်ပိုင်း KIA ပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါဟိုတယ် ပတ်ဝန်းကျင်နဲ့ ဆိုင်းတောင်ကျေးရွာကို ပိတ်ဆို့ထားခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရွာသားတယောက်က “အပြန်အလှန်တော့ ပစ်နေကြတာပဲ၊ စစ်တပ်ကလည်း ဖားကန့် တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာ တနေကုန်ပဲ။ အိမ်တလုံးတော့ မီးလောင်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၈ ရက် မနေ့ နေ့လယ်ပိုင်းအထိတော့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေပေမဲ့ အပြန်အလှန် ပစ်ခတ်မှုတွေတော့ လျော့နည်းနေပြီလို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

ဖားကန့် အပါအဝင် ကချင်ပြည်နယ်တခုလုံးကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ ဒီကနေ့အထိ တလနဲ့ တပတ်တိတိရှိပြီ ဖြစ်ပါတယ်။

အခုလို စစ်ရေးတင်းမာမှုတွေ ရှိနေပေမဲ့လည်း KIA က ဦးဆောင်တဲ့ တရားမဝင် ကျောက်စိမ်း တူးဖော်မှုတွေကိုတော့ စစ်ကောင်စီက တားဆီးပိတ်ပင်တာမျိုး မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013