DVB Logo
Home
မြန်မာသတင်း
PDF သိမ်းထားသည့် ကျောမြို့က စခန်း ၂ ခုကို စစ်ကောင်စီထိုးစစ်ဆင်၊ ပင်လည်ဘူးတွင် တိုက်ပွဲပြင်းထန်ဆဲ
DVB
·
September 7, 2024
PDF သိမ်းထားသည့် ကျောမြို့က စခန်း ၂ ခုကို စစ်ကောင်စီထိုးစစ်ဆင်၊ ပင်လည်ဘူးတွင် တိုက်ပွဲပြင်းထန်ဆဲ
1 / 3
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့က PDF တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ ကင်းစခန်းတွေကို စစ်ကောင်စီက လေကြောင်းရော မြေပြင်ကနေပါ စစ်ကြောင်းထိုး တိုက်ခိုက်လာ​နေပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်နယ်အစပ်က ပင်လည်ဘူးမြို့ပေါ်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး အင်အားစုတို့ စက်တင်ဘာ ၆ ရက်‌နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ကျောမြို့က PDF တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well 1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုး တိုက်ခိုက်လာ​နေတာပါ။

အဲဒီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံ တယောက်က “အခု လဆန်းရက်ကတည်းက မြေပြင်နဲ့ ဝေဟင်ပေါင်းပြီး ထိုးစစ်ဆင်လာနေတယ်။ ကျနော်တို့ဘက်ကတော့ အပြင်းအထန်ခုခံနေတယ်။ သူတို့လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူ ၁ ယောက် ဗုံးစထိပြီးမျက်လုံးတဖက်လုံးဝပျက်သွားတယ်” လို့ DVB ကို ပြောပါတယ်။

MOGE ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်းကင်းစခန်းအနီးအနားက ကျေးရွာတွေကို ကျောမြို့မရဲစခန်းနဲ့  ပကစ ၂၃ တို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါ ဗုံး ၁၀ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ထိုးစစ်တွေနဲ့ပါ ဆက်လက်တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ် လို့ ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “ဒီနား ရွာနီးချုပ်စပ်က ပြည်သူတွေကတော့ ပြေးကုန်ပြီ။ ပုလဲနယ်ဘက်အထိ ပြေးကြတဲ့သူတွေလည်းရှိတယ်။ တော်တော်များများကိုတော့ ပြည်သူအချင်းချင်းကူညီတာတွေရှိသလို ဒေသအသီးသီးရဲ့ ပကဖတွေကလည်း အကူအညီတွေပေးထားကြပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ MOGE ရေနံမှော်ကင်းစခန်း (Well 1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းတို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ ကပစ ၂၃ က ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒုရဲအုပ် ကိုကိုအောင်တို့ အပါအဝင် ၁၂ ယောက် သေဆုံး၊ ကပစ၂၃ က ဒုအရာဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် ၁၂ ယောက် ဖမ်းဆီးရမိခဲ့​ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ကချင်နယ်အစပ်က ပင်လည်ဘူးမြို့ပေါ်မှာ စစ်ကောင်စီ၊ SNA၊ ပျူ ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစုတို့ ဩဂုတ် ၁၅ ရက် နေ့ကစတင် တိုက်ပွဲဖြစ်နေပြီး စက်တင်ဘာ ၆ ရက်‌နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပင်လည်ဘူးမြို့အတွင်းက စစ်ကောင်စီ  အထိုင်စခန်းအတော်များများကိုလည်း ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု‌တွေဘက်က သိမ်းဆည်းထားနိုင်ပြီလို့လည်းသိရပါတယ်။

တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တယောက်က “ကျနော်တို့ ကျောက်တိုင်ကုန်း၊ ဘုရားကုန်း၊ ရုပ်သံကုန်း၊ စာသင်ကျောင်း‌နဲ့ မြို့ထဲစကစတွေဘက်က နေရာ အနှံ့ယူထားတဲ့နေရာ တော်တော်များများကို သိမ်းနိုင်ခဲ့ပြီဗျ။ အခု သူတို့ရဲ့ နောက်ဆုံးခံစစ် ရဲစခန်း တခုပဲကျန်တော့တယ်။ မြို့ကို အပြည့်အဝမသိမ်းနိုင်သေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မြို့လက်မလွှတ်ရရေးအတွက် နေ့စဉ်နေ့တိုင်း  လေကြောင်းကနေ လေယာဉ်နဲ့ ပစ်ကူပေးနေသလို စစ်သားနဲ့ ပျူအင်အားကိုလည်း လေကြောင်းကနေ ထပ်ဖြည့်တာတွေရှိတယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “လွန်ခဲ့တဲ့ တပတ်ကျော်က စစ်ကူ ၂၀၀ နီးပါးလောက် ဝေဟင်နဲ့ပို့ထားတာတွေကို ဖြတ်တောက် ပိတ်ဆို့ထားနိုင်တယ်။ အရှင်ဖမ်းမိတာရှိသလို၊ အသေ ဖမ်းဆီးမိတာတွေလည်းရှိတယ်ဗျ။ ဒဏ်ရာရသူတွေလည်း များပါတယ်။ အဲလူတွေကိုလည်း ကောင်းမွန်စွာ ကုသပေးထားပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီကျော်နဲ့ ည ၉ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးချ တိုက်ခိုက်သလို လေ‌‌ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “တိုက်ပွဲအတွင်း စစ်တပ်ဘက်ကလည်း အကျများတယ်ဗျ။ ကျနော်တို့ဘက်ကလည်း ကျဆုံးတာရှိတယ်။ အရေအတွက်အတိကျကတော့ တိုက်ပွဲကမပြီးသေးတော့ အတိအကျ ပြောလို့ မရသေးဘူး။ ရန်သူဘက်က‌နေ သိမ်းဆည်းရမိထားတဲ့ လက်နက်တေွလည်း ရှိပါတယ်။ အရေအတွက်နဲ့ အမျိုးအစားကို‌တော့ သက်ဆိုင်ရာက မထုတ်ပြန်သေးဘူး‌ဗျ။ မြို့သိမ်းဖို့ကတော့ ကျနော်တို့ဘက်ကမရ ရအောင် တိုက်မှာပါဗျ။ မကြာခင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ မြို့ထဲကခွေးတွေ အားလုံး ဖြတ်တောက်ခံထားရတယ်။ လေယာဉ်ထောက်ပို့လည်း ကောင်းကောင်း မရောက်နိုင်တော့ဘူး။ အရင်တပတ်ကျော်ကပို့လိုက်တဲ့ စစ်ကူတွေကလည်း သေတာနဲ့ လက်နက်ချအဖမ်းခံတာနဲ့ ရဲစခန်းကို မရောက်နိုင်တော့ဘူး။ စခန်းထဲကကောင်တွေ လက်နက်မချ သေရုံပဲရှိပါတယ်” ပြောပါတယ်။

စစ်ကောင်စီဟာ ပင်လည်ဘူးမြို့ကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ် တောက်ထားတာ ၃ နှစ်နီးပါး ရှိနေပြီဖြစ်သလို မြို့ကပြည်သူတွေဟာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တို့ တိုက်ပွဲစဖြစ်တဲ့အချိန်ကစပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ၃ နှစ်နီးပါးရှိနေပြီး ပင်လည်ဘူးမြို့ဟာလည်း စစ်တပ်နဲ့ SNA ပေါင်းပြီး မီးရှို့ဖျက်ဆီးထားတာကြောင့် ပျက်လုနီးပါးဖြစ်သွားရပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013