DVB Logo
Home
နိုင်ငံတကာ
ဆူဒန်ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းသူများ လိုအပ်ဟု ကုလမစ်ရှင် ပြော
DVB
·
September 7, 2024
ဆူဒန်ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းသူများ လိုအပ်ဟု ကုလမစ်ရှင် ပြော
Donate to DVB

ဆူဒန်နိုင်ငံရဲ့ ပြည်တွင်းစစ်မှာ စစ်တိုက်နေကြတဲ့ ၂ ဖက်စလုံးဟာ စစ်ရာဇ၀တ်မှုတွေ တိုးလာနိုင်တဲ့ မတရားမှုတွေကို ကျူးလွန်နေကြောင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ငြိမ်းချမ်းရေး ထိန်းသိမ်း သူတွေကို စေလွှတ်ဖို့ လိုပြီး အရပ်သားတွေကို ကာကွယ်ဖို့ လက်နက်ရောင်းချမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်သင့်တယ် လို့ ကုလသမဂ္ဂလက်အောက်ခံ မစ်ရှင်က စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဆူဒန်စစ်တပ်(SAF)နဲ့ အရန်အမြန်ကူညီရေးတပ်ဖွဲ့ (RSF) တို့ဟာ အရပ်သားတွေကို တိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ မတရားဖမ်းဆီးခြင်းတွေ ပြုလုပ်ခဲ့ကြကြောင်း စာမျက်နှာ ၁၉ မျက်နှာရှိ ကုလသမဂ္ဂအစီရင်ခံစာအရ သိရပါတယ်။ 

အဲဒီအစီရင်ခံစာဟာ အသက်ရှင်ကျန်ရစ်သူတွေ၊ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းမှု ၁၈၂ ခုကို အခြေခံထားတယ်လို့ ဆိုပါတယ်။ 

SAF နဲ့ RSF တို သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေ အသီးသီး ကျူးလွန်ခဲ့ကြတဲ့ ထိတ်လန့်စရာ ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုတွေ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေ ဖြစ်နိုင်တယ်လို့ ဆူဒန်အတွက် လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ ဥက္ကဌ မိုဟာမက် ချန်ဒီ အို့သ်မန်းက ပြောပါတယ်။

ပဋိပက္ခအတွင်းမှာ RSF နဲ့ သူ့မဟာမိတ်ပြည်သူ့စစ်တွေဟာ လိင်ကျွန်ပြုမှုနဲ့ ကလေးစစ်သား စုဆောင်းမှုအပါအဝင် စစ်ရာဇ၀တ်မှုတွေကို ထပ်မံကျူးလွန်ကြောင်း ယုံကြည်ရတဲ့ အကြောင်းအချက်တွေကို မစ်ရှင်က တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။ 

သူတို့ရဲ့ တွေ့ရှိချက်တွေနဲ့ စစ်တိုက်နေတဲ့ အဖွဲ့တွေရဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်မှုတွေကြောင့် အရေးတကြီးနဲ့ ချက်ခြင်း ကြားဝင်စွက်ဖက်ပေးဖို့ လိုအပ်နေပါပြီ လို့လည်း ဆိုပါတယ်။ 

နိုင်ငံတွင်းရှိ အရပ်သားတွေကို ကာကွယ်ဖို့အတွက် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ တပ်ဖွဲ့တစ်ခု ချထားပေးဖို့ အကြံပြုခဲ့ပါတယ်။ 

၂ ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာဥပဒေအရ သူတို့ရဲ့တာဝန်ဝတ္တရားတွေကို လိုက်နာပေးဖို့နဲ့ အရပ်သားလူထုအပေါ် တိုက်ခိုက်မှု အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ရပ်ပစ်ပေးဖို့လည်း ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်က တောင်းဆိုခဲ့ပါတယ်။ 

မစ်ရှင်ဟာ လက်ရှိမှာ အနောက်ဘက်ဒေသ ဒါဖှာ မှာသာ ကျင့်သုံးနေတဲ့ ကုလသမဂ္ဂရဲ့ လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကို တိုးချဲ့ဖို့လည်း တောင်းဆိုထားပါတယ်။ 

ဆူဒန်မှာ စစ်ပွဲကာလ ၁၇ လ ကြာလာပြီးနောက်မှာ အငတ်ဘေး၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရမှုတွေနဲ့ ရောဂါဘယတွေ ပိုမိုဆိုးရွားလာမှုနဲ့ ရင်ဆိုင်နေရကြောင်း အကူအညီပေးရေး အေဂျင်စီတွေက ပြောကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013