DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် မူလတန်းကျောင်း မီးလောင်ပြီး ကျောင်းသား ၁၇ ဦး သေဆုံး
DVB
·
September 7, 2024
ကင်ညာတွင် မူလတန်းကျောင်း မီးလောင်ပြီး ကျောင်းသား ၁၇ ဦး သေဆုံး
Donate to DVB

ကင်ညာနိုင်ငံအလယ်ပိုင်း ဗဟိုကုန်းမြင့်ဒေသရှိ ညဲရီမြို့မှာ ဘော်ဒါနေ မူလတန်းကျောင်း တကျောင်း မီးလောင်မှုဖြစ်ပွားခဲ့လို့ ကျောင်းသား ၁၇ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ရက်ဆီလာ အိုညန်ဂိုက စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ သမ္မတ ဝီလျံ ရူးတိုက ပြောပါတယ်။

ညဲရီမြို့ရှိ Hillside အန်ဒရာရှာ အကယ်ဒမီကျောင်းကို နောက်ထပ် ကယ်ဆယ်ရေးသမားတွေ သွားနေကြပြီလို့ ပြောရေးဆိုခွင့်ရှိသူ အိုညန်ဂိုက ရေဒီယိုထုတ်လွှင့်ချက်မှာ ပြောကြားခဲ့ပြီး အာဏာပိုင်တွေဟာ နောက်ပိုင်းမှာ အသေးစိပ်အချက်အလက်တွေကို ပေးလိမ့်မယ်လို့ ဆိုပါတယ်။

ကျောင်းသားလေးတွေကို ဘယ်သူဘယ်ဝါ မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် မီးလောင် ကျွမ်းသွားတယ်လို့ စီတီဇင်န် ရုပ်မြင်သံကြားက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ကျောင်းနေရာဝန်းကျင်ကို ပိတ်ဆို့ထားတယ်လို့ ကင်ညာကြက်ခြေနီအဖွဲ့က X မှာ ပို့စ်တင်ထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ကင်ညာမှာ ကျောင်းမီးလောင်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အများစုမှာ ရှို့မီးတွေ ဖြစ်ပါတယ်။

မြို့တော် နိုင်ရိုဘီရှိ စာသင်ကျောင်းတကျောင်းမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလက မီးလောင်မှု အတွင်း ကျောင်းသား ၉ ယောက် သေဆုံးခဲ့ပြီး ဒါကို အစိုးရက မီးရှို့မှုလို့ သတ်မှတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကင်ညာနိုင်ငံအနောက်ပိုင်း ဟိုမာဘေးခရိုင်ရှိ ကျောင်းတကျောင်းမှာ ကျောင်းသား ၈ ‌ယောက် သေဆုံးခဲ့ပါတယ်။

၂၀၀၁ ခုနှစ်တုန်းကလည်း နိုင်ရိုဘီမြို့ပြင်ရှိ ကျန်ဂူလီအလယ်တန်းကျောင်းမှာ ကျောင်းသား အဆောင်တခု မီးလောင်မှုအတွင်း ကျောင်းသား ၅၈ ယောက် သေဆုံးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013