DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး  ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
September 6, 2024
ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး  ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရ
Donate to DVB

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာ ၆ ရက် မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံထံက သိရပါတယ်။

ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြို့မရပ်ကွက်ထဲရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနဲ့ ဖားကန့် အထကကျောင်းကြားမှာ ဒီကနေ့ မနက် ၁၀ နာရီလောက်က  ၆၀ မမ တလုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ဒေသခံတယောက်က  ပြောပါတယ်။

“ပြည်သူနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ သူက ဗျူဟာကုန်းနဲ့ ကျောင်းကြားမှာ ပေါက်တာ။ ၆၀ မမ တစ်လုံးပေါ့။ ကျောင်းကလည်း ဗျူဟာကုန်းအောက်မှာပဲ ရှိတာလေ။  ကျောင်းကိုတော့ လက်နက်ကြီးအစတွေ ထိမှန်တာတွေရှိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေလည်း အကုန်ပြန်လွှတ်လိုက်ပြီ။”

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေပါတယ်။

စက်တင်ဘာ ၄ ရက်က ဖားကန့်-ဆိုင်းတောင် လမ်းဟောင်း ဂျန်ဂတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် KIA၊ KPDF ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၆ ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး အနီးအနားက ကျေးရွာ ဒေသခံပြည်သူ ၁၀၀၀ လောက်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

ဖားကန့်ဒေသခံက “အဲဒီဘက်တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ။ လက်နက်ကြီး လက်နက်ငယ် ဒရုန်းနဲ့ ပစ်သံတွေရှိနေတုန်းပဲ။ စကစဘက်ကလည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတာ။ အနီးအနားက ဒေသခံတွေကတော့ အကုန်ရှောင်ကုန်ကြပြီ။ အခု လမ်းမှာတောင် အထုတ်ကြီး အထုတ်ငယ်တွေနဲ့ ရှောင်လာတဲ့ သူတွေ တွေ့နေရတယ်”လို့ ပြောပါတယ်။

စက်တင်ဘာ ၅ ရက် ည ၇ နာရီလောက်ကလည်း ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြို့မရပ်ကွက်ဘက်က သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတာပါ။

“ဗျူဟာကုန်းက ပစ်တာပါ။ ဒရုန်းကိုလိုက်ပစ်တာ၊ လက်နက်ကြီး လက်နက်ငယ်သံတွေ စုံနေတာပဲ။”

ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော် တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်မြို့နယ် အနောက်ဘက်ခြမ်းမှာ စကစ ကင်းစင်နယ်မြေဖြစ်သွားပြီ ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က အခုလိုမျိုး စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

ဩဂုတ် ၁၅ ရက် ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၁ ရက်ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊ နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေနဲ့ လမောင်တပ်စခန်း၊ တောမှော်တပ်စခန်းတို့ကို သိမ်းယူထားပြီးဖြစ်ပါတယ်။

ကံဆီးဗျူဟာကုန်း၊ အောင်ဘာလေစခန်း၊ လယ်ပြင်စခန်း၊ ဆိုင်းတောင်ရဲစခန်း၊ ဖားကန့် ဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း စတဲ့ တပ်စခန်းနေရာတွေသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013