DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မဲဆောက်တွင် တရားမဝင် မြန်မာများကို ဖမ်းဆီး 
DVB
·
September 6, 2024
ထိုင်းနိုင်ငံ မဲဆောက်တွင် တရားမဝင် မြန်မာများကို ဖမ်းဆီး 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အခုရက်ပိုင်းအတွင်း တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ လောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တာ့ခ်ခရိုင် အလုပ်သမားရေးရာဦးစီးဌာနဲ့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး  စက်တင်ဘာ ၄ ရက်မှာ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ အလုပ်သမားရဲ့ လုပ်ဆောင်တဲ့ အလုပ်အမျိုးအစားမှန်ကန်မှု စတာတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ခုလို ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တဲ့ ဆိုင်တွေထဲမှာတော့ မြန်မာနိုင်ငံသားတွေ ရောင်းချတဲ့ ဗီလာဆုံမှတ် စားသောက်ဆိုင်နဲ့ ဦးကြီးစိုး လက်ဘက်ရည်ဆိုင်တွေ ပါဝင်တယ်လို့ သိရသလို ဆိုင်ထဲမှာ အထောက်အထားရှိသူတွေကလွဲလို့ ကျန်တဲ့သူတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မဲဆောက်ရောက် CDM ဆရာမတဦးက “တော်တော်များများ ပါသွားကြတယ် ကြားပါတယ်။ ပုံမှန်က ကျမတို့ မိသားစု သွားလာစားသောက်နေကြတဲ့ ဆိုင်တွေပါ။ ဒီမှာ အများစုက ဖမ်းမယ် ဆီးမယ်ဆို ပါသွားကြမှာပဲ၊ ဆိုင်ကို စစ်မယ်ဆို ဆိုင်ပဲ၊ တာဝန်ရှိသူတွေပဲ စစ်တာမျိုး မဟုတ်ပဲ ဆိုင်ထဲရှိသူတွေကိုပါ ရုတ်တရက်ကြီး စစ်တော့ ရဲကတ်နဲ့ နေတဲ့သူတွေ၊ အထောက်အထား မရှိသူတွေပါ ပါသွားတဲ့ သဘောပါပဲ။ နောက်ပြီး သိတဲ့အတိုင်း ဒီမြို့ က တော်လှန်ရေး အင်အားစုတွေ အတော်များများ ခိုလှုံနေရတဲ့ မြို့ဆိုတော့ ဒီလိုတွေ ကြုံ ရရင် ခက်ခဲကြတယ်။ ခုရက်ပိုင်းတော့ မြန်မာတွေ သတိနဲ့ သွားလာကြဖို့ ပြောကြဆိုကြ တာတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန်ရာမှာတော့ ဖမ်းဆီးခံရသူတွေထဲက ၃ ယောက်ကိုတော့ ထိုင်းနိုင်ငံတရားဥပဒေအတိုင်း မဲဆောက်မြို့တရားရုံးတင်ပြီး လုပ်ငန်း မမှန်ကန်မှုနဲ့ တရားမဝင်နေထိုင်မှု  ၂ ခုကို ပြစ်ဒဏ်ပေးသွားကြောင်း သိရပြီး ကျန်တဲ့သူတွေကို တော့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဖမ်းဆီးတွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အကြောင်း အမျိုးမျိုးနဲ့ ထွက်ပြေးခိုလှုံနေတဲ့ တော်လှန်ပြည်သူတွေအတွက်  မဲဆောက်မြို့ဟာ စိုးထိတ် နေကြသလို   မြန်မာစားသောက်ဆိုင်တချို့ ပိတ်ထားတယ်လို့လည်း သိရပါတယ်။

ဒီမြို့မှာ ရောက်ရှိနေထိုင်တာ ဆယ်စုနှစ်ချီ ရှိနေသူတွေကလည်း ခုလိုဖြစ်စဉ်တွေဟာ ပိုပြီးတော့ ခပ်စိပ်စိပ် ဖြစ်လာတာ တွေ့ရပြီး ကိုယ့်နိုင်ငံသားမဟုတ်လို့ အခြေအနေက နိုင့်ထက်စီးနင်း ဖြစ်ရပ်တွေ ဖြစ်တာမျိုး ရှိသလို ကိုယ့်နိုင်ငံသားတွေဘက်ကလည်း ဆင်ခြင်သင့်တာတွေ ရှိနေတဲ့ အကြောင်း အကြံပြုထားကြပါတယ်။

မဲဆောက်မြို့မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်တဲ့ ဦးထွန်း(အမည်လွှဲ)က “တချို့က တော်လှန်ရေး ကြောင့် ရောက်လာတာ၊ မဟုတ်ရင် လာမနေဘူး။ ဘာကို ဂရုစိုက်ရမှာလဲ၊ အချိန်တန် ပြန်ကြမှာ ဆိုတာမျိုးရှိတယ်။ ဒီလိုသဘောထားမျိုးက အဆင်မပြေဘူး။ သဟဇာတဖြစ်အောင်နေကြရမယ် ဆိုတာကိုလည်း တွေးထားသင့်၊ ပြင်ဆင်ထားသင့်ပါတယ်။ ဒီလိုပြောရင် ကျနော့်ကို မုန်းမယ်၊ ကိုယ့်နိုင်ငံ အဘက်ဘက်က ကျရှုံးနေချိန်မှာ ဒီ ဘက်မှာလည်း ကိုယ့်ကို လက်ခံထားတဲ့ အိမ်ရှင် သူ့နိုင်ငံသားတွေနဲ့ အဆင်တသင့် နေတတ်အောင်လည်း ကြိုးစားကြရပါမယ်။ မဲဆောက်မှာက မြန်မာတွေဖွင့်တယ်ဆိုတဲ့ ဆိုင်တွေ အများစုက ငါတို့ ပိုက်ဆံပေးထားတာပဲ၊ လုပ်ချင်ရာ လုပ်မယ်၊ လမ်းကြောင်းရှင်းထားတာပဲဆိုတာမျိုးတွေ ရှိတယ်။ ခုလိုဖြစ်လာတာ ဝမ်းသာလို့ မဟုတ်ဘူး။ ကျနော်တို့ ဖြေရှင်းရခက်တာပေါ့လေ။ ကြားရတာလည်း စိတ်မချမ်းသာ ရဘူးပေါ့” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ တခြားအာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး  နိုင်ငံအတွင်း အထောက်အထားမဲ့အလုပ်သမားတွေ ရှာဖွေဖမ်းဆီးမှုတွေကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ လိုက်လံဖမ်းဆီးအရေးယူနေတာ ဖြစ်ပါတယ်။

လတ်တလောအချိန် ထိုင်းမှာ မြန်မာအလုပ်သမားတွေ အများဆုံး ဖမ်းဆီးခံနေရပြီး အထောက်အထားမဲ့ အလုပ်သမားနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားကို လုပ်ကိုင်နေတာ တွေ့ရှိပါက ဒဏ်ငွေဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ အလုပ်သမားဘက်က ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပြီး နေရပ်ပြန်ပို့ခံရတာ၊ အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်ပိတ်ခံရတဲ့အထိ ပြစ်ဒဏ် ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

အလားတူ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကို လက်ခံတဲ့ အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးကို ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အများဆုံး ၁ နှစ်နဲ့ ဘတ်ငွေ ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013