DVB Logo
Home
Lead Story
တာလီဘန် ၃ နှစ် ဘာတွေဖြစ်နေပြီလဲ
DVB
·
September 6, 2024
တာလီဘန် ၃ နှစ် ဘာတွေဖြစ်နေပြီလဲ
Donate to DVB

အမေရိကန်က နောက်ဆုံးကျန်တဲ့တပ်တွေ ဆုတ်ခွာခဲ့အပြီးမှာ အနှစ် ၂၀ လောက် နိုင်ငံတကာ အကူအညီနဲ့ ဒေါ်လာဘီလီယံချီ သုံးစွဲလေ့ကျင့်ပေးခဲ့တဲ့ အာဖဂန်တပ်မတော်ဟာ လွယ်လွယ်ကူကူပဲ အလံဖြူထောင်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကဘူးလ်မြို့တော်ပါ တာလီဘန်လက်အောက် ပြန်လည်ကျရောက်သွားခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ အကြာဆုံးစစ်ပွဲဖြစ်တဲ့ အနှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲကနေ အမေရိကန်တပ်တွေက ရုတ်တရက် ဝရုန်းသုန်းကား ဆုတ်ခွာသွားခဲ့ကြချိန်မှာ မျက်မှောက်ခေတ်ရဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် စွန့်ခွာမှုကြီးပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သောင်းချီတဲ့ အာဖဂန်တွေဟာ ကဘူးလ်လေဆိပ်ကနေ အသည်းအသန် အလုအယက် ထွက်ခွာခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ ပျံတက်နေတဲ့ လေယာဉ်ကို တွဲလွဲခိုလိုက်ဖို့ ကြိုးစားရင်း ပြုတ်ကျသူတွေ၊ သံဆူးကြိုးတွေပေါ်ကနေပြီး အမေရိကန်စစ်သားတွေဆီကို ကိုယ့်ကလေးကို ပစ်ပေးနေကြတဲ့ အာဖဂန်မိခင်တွေရဲ့ ပုံရိပ်တွေဟာ ကြေကွဲစရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ တာလီဘန်တွေဟာ ပုန်ကန်သူအဖြစ်ကနေ အာဏာပိုင်အဖြစ် အသွင်ပြောင်းနိုင်ခဲ့ကြပြီး အစ္စလာမ္မစ်ဥပဒေကို သူတို့ ဖွင့်ဆိုထားသလို ပြန်ကျင့်သုံးနေပြီ ဖြစ်သလို တရားဝင်မှုရဖို့လည်း ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

တာလီဘန်တွေကို နိုင်ငံအုပ်ချုပ်သူတွေအဖြစ် နိုင်ငံတကာက အသိအမှတ်မပြုထားပေမဲ့ တရုတ်တို့၊ ရုရှားတို့နဲ့ ရာထူးကြီးပိုင်း အစည်းအဝေးတွေ ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ထောက်ပံ့ပေးတဲ့ ဆွေးနွေးပွဲအချို့ကိုတောင် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေကလည်း အဆက်အဆံလုပ်လာပြီး ယူအေအီးက အဓိက လှုပ်ရှားနေပါတယ်။

အာဖဂန်အမျိုးသား ရက်ဇ်မူဟာမက်က “WFP က အကူအညီပေးတာ ကျေးဇူးတင်တယ်။ ဆေးဝါးပါ ကူညီပေးနိုင်ရင် ပိုကောင်းမှာပဲ။ ဆေးက မဝယ်နိုင်ကြဘူးလေ၊ ကျနော်က ဆီးချိုရှိတာ၊ ဒီရောဂါကြောင့် ခြေထောက်လည်း ဖြတ်လိုက်ရပြီ။ ဆေးမှမဝယ်နိုင်တာ”လို့ ပြောပါတယ်။

ပြည်တွင်းမှာလည်း သူတို့အုပ်စိုးမှုအပေါ် စိန်ခေါ်မှု ကြီးကြီးမားမား မရှိနေသလို အဲဒီလို ဆန့်ကျင်ဖို့ ကြိုးစားသူတွေကိုလည်း ပြည်ပက ထောက်ပံ့ဖို့ စိတ်အားထက်သန်မှု ရှိမနေပါဘူး။

ယူကရိန်းနဲ့ ဂါဇာက စစ်ပွဲတွေကို နိုင်ငံတကာက အာရုံစိုက်နေကြချိန်မှာ အာဖဂန်နစ္စတန်ကို တချိန်တုန်းကလို အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်အဖြစ် မမြင်ကြတော့ပါဘူး။

Supreme Leader လို့ခေါ်တဲ့ ခေါင်းဆောင်ကြီးဟာ တာလီဘန် ပိရမစ်ပုံ အုပ်ချုပ်ရေးစနစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဗလီတွေနဲ့ ဗလီဆရာတွေက တဖက်မှာရှိနေပြီး တခြားတဖက်မှာတော့ ကဘူးလ်အုပ်ချုပ်ရေးအဖွဲ့ ရှိနေပါတယ်။

လက်ရှိခေါင်းဆောင်ကြီး ဟီဘာတူလာ အခွန်ဇာဒါး တာဝန်ယူနေသမျှ ကာလအတွင်းမှာတော့ အငြင်းပွားဖွယ် မူဝါဒတွေ ပြန်ပြောင်းဖို့လည်း မမြင်ရပါဘူး။ စည်းမျဉ်းအရ ခေါင်းဆောင်ကြီးမှာ ပင်စင်မရှိသလို နုတ်ထွက်တာလည်း မရှိဘဲ ကွယ်လွန်တဲ့အထိ တာဝန်ယူရမှာ ဖြစ်ပါတယ်။

အချင်းချင်း အဝေမတည့် မဖြစ်စေဘဲ ပုန်ကန်မှုမှာ ပါခဲ့ကြတဲ့သူတွေကို ဗဟိုနဲ့ ပြည်နယ်အစိုးရ ရာထူးတွေ မျှပေးထားပါတယ်။ ဒါ့အပြင် တတိယနဲ့ စတုတ္ထဇနီး ယူဖို့ ခွင့်ပြုချက်ပေးတာ၊ ပစ်ကပ်ကားသစ် ချီးမြှင့်တာ၊ အိမ်ပေးတာ၊ အကောက်ခွန်မှာ ခွဲတမ်းပေးတာတွေ လုပ်ပေးတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးပိုင်းမှာ ကျေးရွာအဆင့်အထိ ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။ တာလီဘန်တွေဟာ သူတို့ရဲ့ တရားဝင်မှုအတွက် အာဖဂန်ပြည်သူတွေအပေါ် အခြေခံတာမဟုတ်ဘဲ ဘာသာရေးနဲ့ ယဉ်ကျေးမှုအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုကို အခြေခံတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲလို လုပ်ငန်းစဉ်တွေလည်း မလိုအပ်ပါဘူး။

အာဖဂန်စီးပွားရေးကတော့ အားပျော့နေပြီး ၂၀၂၃ မှာ နိုင်ငံ GDP  ၃၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားအကူအညီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကုလသမဂ္ဂဆီကနေ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံအထိ ထောက်ပံ့ပေးခဲ့ပါတယ်။ ထူးခြားတာကတော့ အမေရိကန်က အဓိကအလှူရှင်အဖြစ် ဆက်ရှိနေတာဖြစ်ပြီး တာလီဘန်တွေ အာဏာရပြီးနောက်ပိုင်း အကူအညီ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

တာလီဘန်တွေဟာ အခွန်လည်း တိုးကောက်နေပြီး ၂၀၂၃ မှာ အခွန်ငွေ ဒေါ်လာ ၂ ဒသမ ၉၆ ဘီလီယံအထိ ရခဲ့ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အများကြီးရှိနေသလို စီးပွားရေးအရှိန်မြှင့်ဖို့ တာလီဘန်တွေမှာ နည်းလမ်းလည်း ရှိမနေပါဘူး။

ဗဟိုဘဏ်က ပိုက်ဆံလည်း မရိုက်နိုင်ပါဘူး။ နိုင်ငံခြားမှာ ရိုက်ရတာ ဖြစ်ပါတယ်။ အစ္စလာမ္မစ် ဘဏ်စနစ်အတိုင်း သွားတဲ့အတွက် အတိုးပါတဲ့ ငွေကြေးကိစ္စတွေ လုပ်လို့မရသလို ဘဏ်တွေကလည်း ငွေချေးလို့မရပါဘူး။ တာလီဘန်တွေကို အစိုးရအဖြစ် မသတ်မှတ်ထားတဲ့အတွက် နိုင်ငံတကာကလည်း ငွေမချေးပါဘူး။

သဘာဝဘေးနဲ့ ပါကစ္စတန်ကို ပြေးတဲ့ အာဖဂန်တွေ ပြန်ဝင်လာကြရတာကြောင့် ပြည်ပအကူအညီကို အရမ်းလိုအပ်နေပါတယ်။ အမျိုးသမီးတွေ ပညာသင်ခွင့်နဲ့ အလုပ်လုပ်ခွင့် အများစုကို တာလီဘန်တွေက ပိတ်လိုက်တဲ့အချက်က ပိုဆိုးသွားစေခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးကို အားကောင်းစေနိုင်တဲ့ သုံးစွဲမှုနဲ့ အခွန်ဆောင်မှု ထက်ဝက်လောက် ကျသွားစေခဲ့ပါတယ်။ ဘိန်းဆန့်ကျင်ရေး မူဝါဒကလည်း ဘိန်းစိုက်တောင်သူတွေကို တော်တော်ထိခိုက်သွားစေခဲ့ပါတယ်။

အာဖဂန်လူမှုရေးလှုပ်ရှားသူ ဟိုဒါ ခမ်မော့ရှ်က “အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်စိုးမှု ၃ နှစ်အတွင်း၊ အမျိုးသမီးတွေကို ရှင်းဖို့ နည်းလမ်းအမျိုးမျိုး သုံးခဲ့ကြတာ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်တာက စတယ်၊ အဲဒီနောက် အလုပ်လုပ်ခွင့်မပေးတော့ဘူး. အခု ကမ္ဘာကြီးက သူတို့ကို တရားဝင် အသိအမှတ်မပြုသေးတော့လည်း၊ အမျိုးသမီးတွေကိုပဲ ဖိအားပေးလာတယ်လေ။ အမျိုးသမီးတွေက သူတို့အစီအစဉ်အတိုင်း အတင်းလိုက်နာခိုင်းပြီး ကမ္ဘာကြီးက သူတို့ကို အသိအမှတ်ပြုစေချင်ကြတာ”လို့ ပြောပါတယ်။

တာလီဘန်တွေဟာ စစ်ဆေးရေးစခန်းတွေ၊ သံချပ်ကာကားတွေ၊ တိုက်ခိုက်ရေးသမားတွေနဲ့ တိုင်းပြည်ကို လုံခြုံအောင် လုပ်ထားနိုင်တယ်တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဘေးတော့ မကင်းပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူနည်းစုတွေအတွက် အရမ်းအန္တရာယ်ကြီးသလို အသေခံဗုံးခွဲမှုတွေကြောင့် အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။ အိုင်အက်စ်အဖွဲ့က ကဘူးလ်မြို့က ရှီးယိုက် ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ထပ်တလဲလဲ ဗုံးခွဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။ အသေအပျောက်စာရင်းကို ရဲဘက်က ထုတ်ပြန်တာ နှေးကွေးသလို တရားခံ ဖော်ထုတ်နိုင်တာလည်း မရှိသလောက် ရှားပါတယ်။

အာဖဂန်အမျိုးသမီး နာဖီဆာက “ကျမတို့ စီးပွားရေးက တော်တော်ဆိုးပါတယ်။ ယောက်ျားကလည်း အိမ်မှာ အလုပ်မရှိဘူး။ ဒါ ပထမဆုံးအကြိမ် အကူအညီရတာပါ။ ကျမ အဆုတ်ကလည်း မကောင်းဘူး။ ကလေး ကိုးယောက် ရှိပါတယ်။ ဒီ အာဖဂန်နီငွေ ၃၂၀၀ (ဒေါ်လာ ၅၀ ) နဲ့ ဂျုံတစ်အိတ်တောင် ဝယ်လို့မရပါဘူး”လို့ ပြောပါတယ်။

အာဖဂန်နိုင်ငံသား အများစုဟာ ဆင်းရဲမွဲတေမှု၊ အာဟာရမပြည့်မှုနဲ့ သဘာဝဘေးတွေပါ ရင်ဆိုင်နေရပါတယ်။ တာလီဘန်လက်အောက်က အမျိုးသမီးတွေရဲ့ အနာဂတ်ကတော့ လုံးဝမှေးမှိန်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်ခင်ဗျာ။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013