DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခံရသူ ၆ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
DVB
·
September 5, 2024
မြန်အောင်တွင် PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခံရသူ ၆ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၆ ယောက် ဒီနေ့အထိ ပြန်မလွတ်သေးဘဲ မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။

အသက် ၆၀ ကျော်တွေ အပါအဝင် ဒေသခံ အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ် (PDF) တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ဩဂုတ် ၂၅ ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီ စက်တင်ဘာ ၅ ရက် ဒီနေ့အထိ ပြန်မလွတ်လာသေးဘဲ မိသားစုနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ မိသားစုနဲ့ နီးစပ်သူက “သြဂုတ် ၂၅ ရက်နေ့ ညက အဖမ်းခံရတာ ဒီနေ့ဆို ၁၀ ရက်ဝန်းကျင်ရှိပြီ။ ဘယ်မှာထားတယ်၊ ဘယ်ခေါ်သွားတယ် ဆိုတာ လုံးဝမသိရဘူး။ စုံစမ်းလို့ကို မရတာ။ အသက်ကြီးသူတွေချည်းပဲ ဆိုတော့ မိသားစုက စိတ်ပူတာပေါ့” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၆ ယောက်ဟာ အသက် ၅၀ ဝန်းကျင်ကနေ အသက် ၆၀ ကျော်အရွယ် အမျိုးသားတွေဖြစ်တဲ့ ဦးဝင်းဆွေ၊ ဦးမောင်မောင်၊ ဦးတင်ဝင်းနဲ့ ဦးဆန်နီ၊ ဦးလှဌေး၊ ဦးကျော် တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သိရသလောက်တော့ ရဲစခန်းမှာပဲ ရှိနေတယ်ကြားတယ်။ လွယ်လွယ်နဲ့တော့ လွတ်မယ်မထင်ဘူး။ အမှုတောင် အဖွင့်ခံရလောက်တယ်။ စစ်ကောင်စီတပ်ဘက်က PDF ထောက်ပံ့တယ်လို့ ဆိုပြီး ဖမ်းထားတာလေ။ ဒီလိုစွဲချက်နဲ့ ဖမ်းရင် အမှုဖွင့်ခံရတာ များတယ်” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရသူ ၆ ယောက်ကို စစ်ကောင်စီတပ်က PDF တွေကို ဆက်သွယ် ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းထားတာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်ခံရနိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ် ၅ ရပ်ကွက်က အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က နိုင်ငံတော်ကို ပုန်ကန်ဆန့်ကျင်တဲ့စာ လူမှုကွန်ရက်ပေါ်မှာ ရေးသားဝေဖန်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း မြန်အောင်မြို့နယ်၊ အင်ပင်မြို့က ဒေသခံ လူငယ် ၄ ယောက်ကို လက်နက်တွေနဲ့အတူ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013