DVB Logo
Home
မြန်မာသတင်း
မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း
DVB
·
September 5, 2024
မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း
Donate to DVB

စစ်ကောင်စီအတွက် အရေးပါတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့ကို သိမ်းယူဖို့ တော်လှန်ရေးတပ်တွေဆီမှာ စီမံချက်ရှိထားပြီး ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က တိုက်တွန်းလိုက်ပါတယ်။ 

၁၀၂၇ ဒုတိယလှိုင်း ပြန်လည်စတင်ခဲ့တဲ့ ဇွန် ၂၅ ရက်ကနေ လက်ရှိအချိန်အထိ အချိန်တိုအတွင်းမှာ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီစခန်းအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး မန္တလေးမြို့ကို သိမ်းယူဖို့အထိ ဖိအားပေးနေတာ ဖြစ်ပါတယ်။

မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ရေးအရ အရေးပါနေတဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ကို နယ်မြေထိန်းချုပ်ဖို့ အရေးပါတဲ့ စစ်တိုင်းဒေသ ဖြစ်နေတာကြောင့် ဩဂုတ် ၂၅ ရက်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် လပခကို လာရောက်ပြီး ကွပ်ကဲခဲ့တာကို တွေ့ရပါတယ်။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “မန္တလေးကျလို့ရှိရင် နေပြည်တော်က ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ မန္တလေးက နေပြည်တော်ကို ကာဖို့အတွက် သူတို့အတွက် အရေးကြီးတဲ့နေရာ ဖြစ်တယ်။ လပခသည် နေပြည်တော်ကို ကာဖို့အတွက် ရှေ့တန်းအကျဆုံး ခံကတုတ်။ စကစဘက်ကလည်း မန္တလေးမကျဖို့အတွက် နည်းမျိုးစုံနဲ့ လုံးပန်းနေတာ တွေ့ရတယ်။ မန္တလေးပြည်သူပြည်သားတွေ စစ်ရေးသတင်းတွေ နားစွင့်ပါ။ မိမိလုံခြုံရေး ဂရုစိုက်ပါပေါ့နော်။ မန္တလေးကို သိမ်းဖို့ဆိုတာ နဂိုကတည်းက စီမံချက်က ရှိပြီးသားပဲ။ ဘယ်နေ့ဘယ်ရက် ဆိုတာတော့ ကျနော်တို့လည်း မပြောနိုင်ဘူး၊ မသိဘူး။ အဲဒီတော့ စစ်ရေးသတိအမြဲရှိဖို့ တိုက်တွန်းချင်ပါတယ်ပေါ့” လို့ ပြောပါတယ်။

PDF တွေက မန္တလေးမြို့ပေါ်ကို စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ၁၀၇ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပွိုင့်နေရာ ၅ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီအထဲက ဒုံး ၂ လုံးဟာ နန်းတွင်းထဲက လပခကို ထိမှန်ခဲ့ပါတယ်။ ကျန်ဒုံးတွေကတော့ စစ်ဆေးရုံနဲ့ စစ်မြေပြင်တပ်ရင်း၊ ၈၉ လမ်း ညောင်ကွဲရပ်ကွက်၊ ၁၀ လမ်းနဲ့ ၁၁ လမ်းအကြား အမှတ် ၄ ရဲစခန်းရှေ့ ကျန်းမာရေးစင်တာနဲ့ ပုသိမ်ကြီးနယ်အနောက်ဘက် မန္တလေး-မတ္တရာကားလမ်းပေါ်က ရွှေကျင်တိုးဂိတ် နေရာတွေကို ထိမှန်ခဲ့ပါတယ်။

ရှော့တိုက်ဒုံး ၂ လုံး လပခ တိုင်းရုံးကို ထိမှန်ခဲ့တာကြောင့် အရာရှိ ၃ ယောက်နဲ့ တပ်သား ၄ ယောက် စုစုပေါင်း ၇ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက မန္တလေးမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်နေပြီး ပတ်ခြာလည် မြို့နယ်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ပစ်ခတ်ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဆက်လက်ပြီး ဦးတိုးက “မနေ့ကတော့ အဲ့မှာ ပျားအုံ တုတ်နဲ့ထိုးလိုက်သလိုပဲ။ ယောက်ယက်တွေ ခတ်ကုန်တာပဲ တနေကုန်။ ဒီရှော့တိုက်ဒုံးနဲ့ ပစ်တဲ့ကိစ္စကို သူတို့ သတင်းလည်း နည်းနည်းရပုံရတယ်။ ညကတည်းက ဟောင်ဝစ်ဇာတွေနဲ့ လှည့်ပစ်၊ လေယာဉ်နဲ့ လာပစ်တာ၊ ပစ်တဲ့ကြားထဲကပဲ ဒီကရှော့တိုက်ဒုံးက နန်းတွင်းထဲကို ၂ လုံး ကျသွားတာ။ ပြီးတဲ့အခါကျတော့ မနေ့က မနက်ပိုင်းကစပြီးတော့ ညနေပိုင်း တပိုင်းလုံးမှာ ယောက်ယက်ကို ခတ်နေတာပဲ။ သူတို့ကြားမှာတော့ တအားကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာလေ။ အတိအကျတော့ မရဘူးဗျ၊ နန်းတွင်းထဲကို Ambulance ၄ စီး ဝင်သွားတယ် ဆိုတာပဲ သိရပြီးတော့ နောက်ထပ် ဘယ်နှယောက် ဆိုတဲ့ဟာမျိုးက ကျနော်တို့ မရဘူး။ တိုက်အမြင့်တွေပေါ်မှာ စနိုက်ပါ တင်တာတွေ ရှိတယ်၊ နောက်တခါ ၆၀ တင်တာတွေ ရှိတယ်။ တနေရာကို ၇ ယောက် ၈ ယောက်နဲ့ ဖြန့်ချထားတဲ့ နေရာတွေက ပလဲနေတယ်။ ရဲစခန်းတွေမှာလည်း သဲအိတ်ဘန်ကာတို့၊ မျှော်စင်တို့ ဆောက်ထားတာတွေ ရှိတယ်။ ကွန်ကရစ်ဘန်ကာ ဆောက်ထားတာတွေ ရှိတယ်။ မန္တလေးမြို့ပေါ်မှာတော့ အနှံ့အပြားမှာ ရှိတယ်။ ဒါပေမဲ့ မများဘူး၊ အင်အားတွေက ပြန့်ကြဲနေတာ၊ ၇ ယောက်တို့ ၁၀ ယောက်တို့နဲ့ ပြန့်ကြဲနေတာ” လို့ ပြောပါတယ်။

၂၀၂၃ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှာ တိုင်းမှူး ၃ ယောက်အထိ စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ခဲ့ရတာပါ။

စစ်ခေါင်းဆောင်က ဇူလိုင်လဆန်းပိုင်းကမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို ဩဂုတ် ၁၆ ရက်မှာ ရာထူးက အနားပေးပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ် ခန့်အပ်ထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013