
အစ္စရေးစစ်တပ်ဟာ ဟားမာ့စ် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဂါဇာဒေသခေါင်းဆောင် အစ်ဇယ်လ်ဒင် အယ်ဟဒ်ဒဒ်ကို ပစ်မှတ်ထားပြီး မေ ၁၅ ရက် ညပိုင်းက ဂါဇာစီးတီးမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတခု မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပြီး ကလေးငယ် တယောက်အပါအဝင် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၇ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့တယ်လို့ ဂါဇာဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ကွယ်က အဓိက လက်သည်ဖြစ်တဲ့ ပစ်မှတ်ထားခံရတဲ့ ဟားမာ့စ်ခေါင်းဆောင် သေ၊ မသေ ဆိုတာကိုတော့ ချက်ချင်း မသိရသေးသလို ဟားမတ်စ်အဖွဲ့ဘက်ကလည်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ အခုလို အရပ်သားတွေအများကြီးရှိတဲ့ လူနေအဆောက်အအုံတခုကို ပြင်းပြင်းထန်ထန် ဗုံးကြဲခံလိုက်ရတဲ့အတွက်၊ လက်ရှိသဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ ကံကြမ္မာအပေါ် ဂါဇာဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေအကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
ဒဏ်ရာရတဲ့သူတွေ အများကြီးရှိသလို ပြိုကျသွားတဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့သူ တွေလည်း ရှိနေနိုင်လို့ စိုးရိမ်နေကြရပါတယ်။
မျက်မြင်သက်သေ အဘူယူဆက်ဖ်က "ကျနော်တို့ နေ့တိုင်း သေနေကြရတာ။ အခုတင်ပဲ ကားတစီး ကို လာပစ်သွားသေးတယ်။ ဘုရားသခင်ကို ထောက်ထားပြီး စစ်ပွဲကို ရပ်ပေးကြပါဦး၊ အခုထိ မရပ် သေးပါဘူး" လို့ အပစ်ရပ်ရေးအပေါ် သံသယဝင်ပြီး ပြောပါတယ်။
ဂါဇာမြို့ပြကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဟ်မုဒ် ဘာဆယ်ကတော့ တိုက်ခိုက်ခံရတဲ့ နေရာ ဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေ အများကြီးနေထိုင်တဲ့ အဆောက်အအုံဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အဆောက်အအုံမှာ လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့နဲ့ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ အသည်းအသန် ကြိုးစားနေ ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး စတင်ကတည်းကဆိုရင် အစ္စရေးရဲ့ တိုက်ခိုက်မှု တွေကြောင့် ပါလက်စတိုင်းလူမျိုး ၈၅၀ လောက် သေဆုံးခဲ့ပြီးပြီဖြစ်ပြီး ဒီအထဲမှာ အရပ်သားလား၊ တိုက်ခိုက်ရေးသမားလား ဆိုတာကိုတော့ ခွဲခြားဖော်ပြထားခြင်း မရှိပါဘူး။
အဲဒီကာလအတွင်းမှာပဲ ဟားမာ့စ်ဘက်က ပြန်လည်တိုက်ခိုက်လို့ အစ္စရေးစစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။ ဟားမာ့စ်အဖွဲ့ကတော့ သူတို့ဘက်က ကျဆုံးတဲ့ စစ်သည်အရေအတွက်ကို ထုတ်ပြန်လေ့မရှိပါဘူး။
Source:Reuters










