DVB Logo
Home
မြန်မာသတင်း
ကမ္မစက်ရုံရဲကင်း တိုက်ခိုက်ခံရ၊ တန့်ဆည်တွင် ဒုတပ်ကြပ် ၁ ဦး အလင်းဝင်၊  အရာတော်၌ ဒရုန်း ၁ စင်း သိမ်းဆည်းရမိ
DVB
·
September 5, 2024
ကမ္မစက်ရုံရဲကင်း တိုက်ခိုက်ခံရ၊ တန့်ဆည်တွင် ဒုတပ်ကြပ် ၁ ဦး အလင်းဝင်၊  အရာတော်၌ ဒရုန်း ၁ စင်း သိမ်းဆည်းရမိ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ  ကမ္မစက်ရုံရဲကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒရုန်းနဲ့ ၄ ရက်ဆက်တိုက် ဖိအားပေးတိုက်ခိုက်ခံရပြီးနောက်  စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ စခန်းကနေ ဆုတ်ခွာသွားကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု (K.R.R.C) ထံက သိရပါတယ်။

ကမ္မစက်ရုံရဲကင်းစခန်းကို တော်လှန်ရေးအင်အားစုတွေက  သြဂုတ် ၃၁ ရက်ကစပြီး ၄ ရက်ကြာ ဒရုန်းဗုံးသီးပစ်ချ တိုက်ခိုက်တာလို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု (K.R.R.C) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့ ၄ ရက်ဆက်တိုက် နေ့ညမနားဘဲ ဒရုန်းနဲ့ အီနာဂါဗုံးသီးချပြီး ဖိအားပေး တိုက်ခိုက်ခဲ့တာပါ။ ဒရုန်း ၁၀ စီးကျော်လောက်နဲ့ ဗုံးကြဲချခဲ့လို့ နောက်ဆုံး စကစဘက်က စိတ်ဓာတ်ပျက်ပြားပြီး စခန်းဆုတ်ခွာသွားကြတာ။”

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ကမ္မတပ်ပေါင်းစု ဒရုန်းအဖွဲ့၊ မြိုင်မြို့နယ် ပကဖ    ဒရုန်းအဖွဲ့ ၊ ပေါက်မြို့နယ် ပကဖ  ဒရုန်းအဖွဲ့၊  မကွေးတိုင်း ဒရုန်းအဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့ တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ပခုက္ကူခရိုင်တွင်း ကျန်ရှိနေတဲ့ စစ်ရေးပစ်မှတ်တွေကို  ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၁ ရက်ကလည်း ကိုင်းတောမ ရွာသစ်ကျေးရွာကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက ခြုံခိုတိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံးကာ ၅ ဦး လက်နက်ချအဖမ်းခံခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တယောက် လက်နက်ခဲယမ်း တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အလင်းဝင်လာသူက တန့်ဆည်မြို့နယ်ထဲမှာ တပ်စွဲနေတဲ့ တပ်ထဲက ဒုတပ်ကြပ်အဆင့် ရှိတဲ့သူ ဖြစ်ပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် သူ့ရဲ့အချက်အလက်တွေကို ထုတ်ပြန်မ ပေးရတာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ဒုတပ်ကြပ်ဟာ MA-1 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၂၆ တောင့်နဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလင်းဝင်ရောက်လာခဲ့တာလို့လည်း ဆိုပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ဘက်က လည်း သူ့ကို ကျပ် သိန်း ၅၀ ချီးမြှင့်ထားပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပေးပါတယ်။ လွတ်မြောက်နယ်မြေကို သွားမလား၊ ကျနော်တို့နဲ့ စစ်တပ်ကို ပြန်တိုက်မလားဆိုတာ မဆွေးနွေးရသေးပါဘူး” လို့ ပြောပါတယ်။

သြဂုတ် ၂၀ ရက်ကလည်း တန့်ဆည်မြို့မရဲစခန်းက ဒုတပ်ကြပ်အဆင့်ရှိသူ ရဲတပ်ဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တန့်ဆည်အခြေစိုက် Freedom Revolution Force (FRF) ဆီကို အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားတယ်လို့ တန့်ဆည် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်ကောင်စီတပ် အသုံးပြုနေတဲ့ တရုတ်နိုင်ငံထုတ် ထောက်လှမ်းရေးဒရုန်းတစင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိ​ခဲ့တယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်ကောင်စီတပ်ဘက်က အရာတော်မြို့နယ်အတွင်းမှာ ထောက်လှမ်းပျံသန်းနေရင်း ပျက်ကျခဲ့တဲ့ ဒရုန်းအသစ်စက်စက်တစင်းကို သိမ်းဆည်းရရှိခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် Ahead X ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့​ တာဝန်ခံတယောက်က “အခုနောက်ပိုင်း စစ်တပ်ဘက်က မကြာမကြာဆိုသလို ထောက်လှမ်းရေးဒရုန်းတွေသုံးပြီး နယ်မြေထောက်လှမ်းတာတွေ ရှိတယ်။ သူတို့ဆီက ဒရုန်းရတာကတော့ ဒါ ပထမဆုံးပါပဲ” လို့ ပြောပါတယ်။

အဆိုပါ ဒရုန်းသိမ်းဆည်းရရှိခဲ့တဲ့ နေရာကိုတော့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းက စတင်ပြီး စစ်ရေးအခြေအနေအရ မုံရွာ-အရာတော် ကားလမ်းပိုင်းကို ယာယီပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်မယ့် အချိန်ကို ပြန်လည် ထုတ်ပြန် ပေးမယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013