DVB Logo
Home
နိုင်ငံတကာ
ဒီဇယ်ဈေးနှုန်း မြင့်တက်မှုကြောင့် ကိုလံဘီယာ ထရပ်ကားသမားများ လမ်းပိတ်ဆို့ ဆန္ဒပြ
DVB
·
September 4, 2024
ဒီဇယ်ဈေးနှုန်း မြင့်တက်မှုကြောင့် ကိုလံဘီယာ ထရပ်ကားသမားများ လမ်းပိတ်ဆို့ ဆန္ဒပြ
Donate to DVB

ကိုလံဘီယာနိုင်ငံမှာ ဒီဇယ်ဈေးအလွန်အကျွံတက်တာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတဝန်း ဆန္ဒပြနေကြသလို မြို့တော်ဘိုဂိုတာမှာလည်း စက်တင်ဘာ ၃ ရက်က ထရပ်ကားမောင်းသူတွေဟာ လမ်းအများအပြားကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ 

စက်တင်ဘာ ၂ ရက်က စတင်ပြီး ဘိုဂိုတာမှာ ဒီဇယ်တဂါလန်ကို ကိုလံဘီယာပီဆို ၁,၉၀၄ အထိ ရုတ်တရက် စျေးနှုန်း ထပ်မြင့်တက်မှုကြောင့် ထရပ်ကားသမားတွေ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြ ထရပ်ကားဒရိုင်ဘာ ဟိုင်မဲ နိုဗာက “လောင်စာဆီဈေးက အရမ်းတက်တာ။ သူတို့က ဒီဇယ်ဈေးကို ပီဆို ၂၀၀ လောက် တက်မယ်လို့ မှန်းထားတာထက်ကို ကျော်လွန်ပြီး ပီဆို ၂ ထောင်အထိ တက်လာတာ” လို့ ပြောပါတယ်။ 

ထရပ်ကားတစ်စီးရဲ့ တိုင်ကီကို ဖြည့်ဖို့အတွက် ပီဆို ၁ သန်း လိုအပ်လာနေပြီး ခုဆို ၁ သန်းနဲ့ ၃ ရာ၊ ၄ ရာလောက် လိုအပ်မှာ ဆိုတော့ အဲဒါနဲ့ သပိတ်မှောက်လိုက်ကြတာလို့ ဆိုပါတယ်။ 

အစိုးရက လောင်စာဆီဈေးနှုန်း တက်တာကို ဖြေရှင်းပေးမယ်လို့ ကတိတွေ အများကြီးပေးခဲ့ပေမဲ့ အဲဒီကတိတွေက စားပွဲပေါ်မှာပဲ ရှိနေခဲ့ပြီး ဘာမှဖြေရှင်းချက် မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ထရပ်ကားသမား အက်စ်ထရစ် ရိုဒရီဂွက်ဇ်ကလည်း လောင်စာဆီဈေးတက်တာဟာ ကားသမားတွေကိုပဲ ထိခိုက်တာ မဟုတ်ဘဲ တနိုင်ငံလုံးက ပြည်သူတွေကို ထိခိုက်တာပါလို့ ပြောပါတယ်။ 

အစားအသောက်အပါအဝင် ကုန်ပစ္စည်းတွေကို နိုင်ငံတဝန်း ပို့ဆောင်ပေးနေတာဖြစ်ပြီး လောင်စာဆီဈေးတက်တာဟာ အားလုံးကို သက်ရောက်မယ်လို့ ဆိုပါတယ်။ 

နိုင်ငံအတွင်း လူထုဆန္ဒပြပွဲ ၈၁ ခု ရှိပြီး ၂၉ ခုက အမြဲတမ်း လမ်းပိတ်ဆို့ထားတာဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။ 

ဘဏ္ဍာရေးဝန်ကြီး ရီကာဒို ဘိုနစ်လာ ဂွန်ဇာလက်ဇ်ကတော့ ဒီဇယ်ဈေးဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကတည်းကစပြီး ၅၆ လကြာ ဈေးနှုန်း အတက်အကျမရှိဘဲ ပုံသေဖြစ်နေတာလို့  စက်တင်ဘာ ၃ ရက် ဗီဒီယိုထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ 

ဓာတ်ဆီစျေးနှုန်း ကွာဟချက်ကို ပိတ်ချလိုက်ပြီ ဖြစ်ပေမယ့် ဒီဇယ်စျေးနှုန်း ကွာဟချက်ကို ပိတ်ဖို့ ကျန်နေသေးတာလို့ ဆိုပါတယ်။

ဒါဟာ ဘဏ္ဍာရေးဆိုင်ရာဖိအားကို ကြီးကြီးမားမား ဖြစ်ပေါ်စေပြီး ကိုလံဘီယာ စီးပွားရေးအတွက် ထိရောက်မှု မရှိတဲ့အပြင် ပြည်သူ့ဘဏ္ဍာရေး အခြေအနေကိုလည်း အထောက်အကူမပြုတာကြောင့် တိုးမြှင့်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒီတိုးမြင့်မှုနဲ့အတူ နိုင်ငံရဲ့ အဓိကမြို့ကြီး ၁၃ မြို့မှာ ဒီဇယ်တဂါလန် ကို ပျမ်းမျှ ၁၁,၃၆၀ ပီဆိုကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013