DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
September 4, 2024
လပွတ္တာတွင် အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီ ချိပ်ပိတ်
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က နွမ်းပါးတဲ့ အရပ်သားနေအိမ်တွေ အပါအဝင် နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်မှုကို အားပေးတယ်လို့ စွပ်စွဲပြီး လိုက်လံ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်မှာ PDF အပါအဝင် တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်လို့ စွပ်စွဲစာရေးထားတဲ့ ဗီနိုင်းတွေ ကို အိမ်တွေမှာကပ်ပြီး လိုက်လံချိပ်ပိတ် သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်၊ ရဲတွေ၊ အရပ်ဝတ်နဲ့လူတချို့ လာပြီး ချိပ်ပိတ်သွားတာ။ အခု အိမ်ချိပ်ပိတ်ခံရသူတွေက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရသူတွေလေ။ အဲဒီနေအိမ်နဲ့ ခြံကို PDF အဖွဲ့နဲ့ သိမ်းဆည်းတယ်ပေါ့။ အဲဒီလို ရေးထားတဲ့ ဗီနိုင်း ကပ်သွားတာ။ အခု ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေက အရမ်းနွမ်းပါးတဲ့သူတွေပါ” လို့ ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့အိမ်တွေက အရပ်သားတွေဖြစ်တဲ့ လပွတ္တာမြို့နယ်က ဦးလေးဝင်း၊ ဦးခင်ဇော်နဲ့ ကိုထက်မြတ်စိုးတို့ရဲ့ နေအိမ်တွေဖြစ်ပြီး သူတို့တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) နဲ့တရားစွဲဆိုခံထားရလို့ တိမ်းရှောင်နေသူတွေလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်က စွပ်စွဲခံရတာပါလို့ စစ်ကောင်စီကို ခုခံချေပထားတယ်လို့ သိရတယ်။ ဘာမှတော့ အကြောင်းမထူးသေးဘူး။ မျှော်လင့်ချက်မရှိပါဘူး” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သြဂုတ် ၃၁ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အရပ်သားတွေ၊ CDM ဝန်ထမ်းတွေ၊ NLD ပါတီဝင်တွေရဲ့ အိမ်တွေ အပါအဝင် နေအိမ်အလုံး ၄၀ ထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ ဒေသခံဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013