DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တနှစ်အတွင်း နေအိမ်အလုံး ၁၇၀ ကျော် ချိပ်ပိတ်ခံရ
DVB
·
January 23, 2026
ဧရာဝတီတိုင်း၌ တနှစ်အတွင်း နေအိမ်အလုံး ၁၇၀ ကျော် ချိပ်ပိတ်ခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တနှစ်အတွင်း လူနေအိမ်အလုံး ၁၇၀ ကျော်အထိ ချိပ်ပိတ် သိမ်းဆည်းခံရတယ်လို့ စစ်ကောင်စီလက်အောက်ခံ တိုင်းအဆင့် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း ဧရာဝတီတိုင်းမှာ နေအိမ် ၁၇၀ ကျော်အထိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂၂ ယောက်ရဲ့ နေအိမ် ၂၂ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့အထဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး စစ်ကော်မရှင်တပ်နဲ့ ရဲက ချိပ်ပိတ်ခဲ့တာ။ PDF နဲ့ NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ဆိုပြီး ချိပ်ပိတ်တာလို့ သိရတယ်။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုကတော့ အရပ်သားတွေရဲ့ အိမ်တွေနဲ့ NLD ပါတီဝင် တချို့ရဲ့ အိမ်တွေပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ် အလုံး ၁၇၀ ကျော်ဟာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စတဲ့မြို့နယ်တွေ နေအိမ်တွေ အများဆုံးဖြစ်ပါတယ်။

နေအိမ်တွေ ချိပ်ပိတ်ခံရတဲ့ အခြေအနေကို သိရှိတဲ့သူတယောက်က “ပုသိမ်နဲ့ လေးမျက်နှာဘက်ကနေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ အိမ်တွေ တော်တော်များခဲ့တယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်။ PDF တွေနဲ့ပတ်သက်တယ်လို့ ဆိုပြီး ချိပ်ပိတ်ခံရတာ များတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့သူတွေ မနည်းဘူး။ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်း ကုန်ကူးနေတဲ့ အမျိုးသားကို PDF ထောက်ပို့လို့ စွပ်စွဲပြီး နေအိမ်ကို ချိပ်ပိတ် သိမ်းယူခဲ့တာ” လို့ ပြောပါတယ်။

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့သူတွေ အများစုကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ကာ ထောင်ဒဏ်ချခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မမှ အမှုဖွင့်ခံထားရတာ မရှိသေးသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013