DVB Logo
Home
မြန်မာသတင်း
ရွှေဘိုက ‘ဘုရင်’ကားအသင်းကို စစ်တပ်က ချိပ်ပိတ်ပြီး ဆီတန်းစီနေသည့် ယာဉ်များနှင့် ဆီဆိုင်မန်နေဂျာကို ဖမ်းဆီး
DVB
·
August 23, 2026
Photo: Bomin-CJ
Photo: Bomin-CJ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တောင်ဘက် ကားကြီးကွင်းထဲမှာရှိတဲ့ 'ဘုရင်' ခရီးသည်တင်ကားအသင်းရဲ့ လက်မှတ်အရောင်းဌာနကို PDF အဖွဲ့ဝင်ရဲ့ ဇနီးသည် လိုက်ပါလာတာကို သတင်းမပို့လို့ဆိုပြီး စစ်အာဏာရှင်တပ်က ချိပ်ပိတ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ကားကွင်းရှေ့မှာရှိတဲ့ ယာဉ်တွေနဲ့ BOC စက်သုံးဆီဆိုင်က ဆီဆိုင်မန်နေဂျာ အပါအဝင် ဆီတန်းစီ ဝယ်ယူနေတဲ့ ယာဉ်တချို့ကိုပါ ဖမ်းဆီးခဲ့ပြီး၊ ဆီဆိုင်ကိုလည်း ပိတ်ခိုင်းခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

သြဂုတ် ၂၀ ရက်မနက်ပိုင်းက ‘ဘုရင်’ ခရီးသည်တင်ကားမှာ PDF အဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူ လိုက်ပါလာတာကို သတင်းမပို့ဘူးလို့ဆိုပြီး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်မှူးနဲ့ လက်မှတ်အရောင်းစာရေးမ ၂ ယောက်  အပါအဝင် ဘုရင်ကားအသင်း အင်္ကျီဝတ်ဆင်ထားသူတွေကို စစ်တပ်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သြဂုတ် ၂၁ ရက် မနက် ၉ နာရီလောက်မှာတော့ ကားအစီး ၂၀ ကျော်နဲ့ ကားကြီးကွင်းထဲကို ရောက်လာပြီး ကားလက်မှတ် အရောင်းဌာနကို ချိပ်ပိတ်ခဲ့တာပါ။ 

အဲဒီလို လာရောက်ချိပ်ပိတ်ချိန်မှာပဲ ကားကွင်းရဲ့ တောင်ဘက် ကိုက် ၁၀၀ ကျော်အကွာမှာရှိတဲ့ BOC စက်သုံးဆီအရောင်းဆိုင်က မန်နေဂျာနဲ့ ဆီတန်းစီနေတဲ့ ကားတွေကို ယာဉ်ကြောပိတ်ဆို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး၊ ဆိုင်ကိုပါ ပိတ်ခိုင်းခဲ့တာလို့ သိရပါတယ်။

ရွှေဘိုမြို့ခံတယောက်က “PDF ဇနီး လိုက်ပါလာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂိတ်မှူးနဲ့ စာရေးတွေကို ဖမ်းတာပါ။ ခရီးသည်တွေထဲမှာ ဘယ်သူကတော့ အရပ်သား၊ ဘယ်သူကတော့ PDF ဆိုတာကို ဂိတ်ဝန်ထမ်းတွေအနေနဲ့ ခွဲခြားသိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ဂိတ်မှူးနဲ့ စာရေးမ ၂ ဦးကိုတော့ စစ်ကြောရေးကို ပို့လိုက်ပြီလို့ ကြားရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆီတန်းစီနေတဲ့ ကားတွေကိုလည်း ဆဲဆိုကြိမ်းမောင်းပြီး ဖမ်းဆီးတာတွေ ရှိခဲ့သလို၊ ဆီဆိုင်ကိုလည်း တနေကုန် ပိတ်ထားရတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။

ရွှေဘိုမြို့ပေါ်မှာ စစ်အာဏာရှင်တပ်တွေဟာ လမ်းသွားလမ်းလာ လူငယ်တွေကိုသာမက နေအိမ်တွေထဲအထိပါ ဝင်ရောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၁၀၀ ကနေ ၄၀၀ အထိ ခြိမ်းခြောက် တောင်းခံနေသလို၊ ငွေမပေးနိုင်သူတွေကိုတော့ စစ်မှုထမ်းဖို့ တခြားနယ်တွေကို ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကာလ ပြီးဆုံးလို့ ပြန်လာသူတွေကိုလည်း နေရပ်ပြန်ခွင့်မပေးဘဲ ကင်းလှည့်တဲ့ နေရာတွေမှာ ဆက်လက် အသုံးပြုနေသလို၊ ခလရ ၄၂ တပ်နဲ့ လေ့ကျင့်ရေးတပ်တွေမှာ ကျောင်းကား ယာဉ်မောင်းတွေအဖြစ် အသုံးပြုနေတယ်လို့လည်း သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013