
အာဏာရှင်စစ်ခေါင်းဆောင်အဆက်ဆက် ကိုးကွယ်ခဲ့တဲ့ စန္ဒကူးမြိုင်ဆရာတော် အသတ်ခံရပြီးနောက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အမှတ် ၂ ရပ်ကွက်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာကျောင်းတိုက်ကို စစ်တပ်က ဇူလိုင် ၂၄ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ် ဘေးရန်ကင်းဖို့အတွက် အမြင့် ၄၅ ပေရှိတဲ့ ကပ်ကျော် ဘေးကျော် ထိုင်တော်မူဘုရားကြီး သွန်းလုပ်နေစဥ် အသတ်ခံရတာကြောင့် ကျောင်းတွင်းစီရင်ထားတဲ့ ယတြာတွေနဲ့ များပြားလှတဲ့ အလှူငွေတွေကြောင့် ကျောင်းကို ချိပ်ပိတ်လိုက်တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်အတွက် ကပ်ကျော် ဘေးကျော် ယတြာဘုရားနှစ်ဆူ တည်နေတဲ့ချိန်မှာ လုယက် သတ်ဖြတ်ခံရတာဆိုတော့ အတိတ်နိမိတ် မကောင်းဘူးပေါ့။ ကျောင်းဝင်းထဲမှာ စစ်ခေါင်းဆောင်တွေအတွက် လုပ်ထားတဲ့ ယတြာတွေရယ်၊ အလှူငွေတွေကလည်း မနည်းဘူးဆိုတော့ ချိပ်ပိတ်လိုက်တာ။”
စန္ဒကူးမြိုင် သာ့သနာရိပ်သာကျောင်းမှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်နဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တို့မှာ ရှိပြီး ကျောင်းနှစ်ကျောင်းစလုံးကို ဒေါက်တာဖေဉာဏ်က တည်ထောင်ထားတာလို့ ဆရာတော်တပါးက DVB ကို မိန့်ပါတယ်။
“စန္ဒကူးမြိုင် သာ့သနာရိပ်သာက ၂ ကျောင်းရှိတယ်။ မှော်ဘီမှာ တကျောင်း၊ လောင်းလုံးမှာ တကျောင်း၊ လောင်းလုံးမြို့က ကျောင်းကို ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူးက ထောက်ပံ့တယ်၊ မှော်ဘီကျောင်းတော့ ပိတ်သွားပြီ၊ လောင်းလုံးကျောင်းတော့ မသိသေးဘူး။”
စစ်အာဏာရှင်တပ်ဘက်က စန္ဒကူးမြိုင် သာသနာ့ရိပ်သာကျောင်းကို ဘာကြောင့် ချိပ်ပိတ်ပြီး တားမြစ်နယ်မြေ လုပ်လိုက်တယ်ဆိုတာ ပြောဆိုရှင်းပြတာ မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။
ဇူလိုင် ၂ ရက်က မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဦးပညာဝံသ(ခ)ဒေါက်တာဖေဉာဏ်ကို ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ ငွေ ၅ သိန်း လုယက်သွားရာ ပြစ်မှုကျူးလွန်သူတွေကို ဇူလိုင် ၁၁ ရက်မှာ စစ်အာဏာရှင်တပ်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ပျံလွန်တော်မူချိန်မှာ သက်တော် ၇၆ နှစ်၊ ဝါတော် ၁၃ ဝါရှိတဲ့ ဦးပညာဝံသ(ခ)ဒေါက်တာဖေဉာဏ်ဟာ စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီတို့က ကိုးကွယ်ကြတာပါ။
အရင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်နဲ့ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာဖေဉာဏ်ဟာ ၂၀၁၁ ခုနှစ်မှာ ဘုန်းကြီးဝတ်ကာ မှော်ဘီမြို့နဲ့ လောင်းလုံးမြို့မှာ စန္ဒကူးမြိုင်ရိပ်သာ သာ့သနာကျောင်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။










