DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ARA ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
DVB
·
September 3, 2024
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ARA ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တဖွဲ့ဖြစ်တဲ့ ARA ခေါင်းဆောင် နိုဘီဟူးဆောင်းနဲ့ ညီဖြစ်သူကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးသားပါတယ်။

ARA အဖွဲ့ခေါင်းဆောင် နိုဘီဟူးဆောင်း (၄၇ နှစ်) နဲ့ ညီဖြစ်သူ ဆွေယိဒ်ဟူးဆောင်း (၄၅ နှစ်) တို့ကို ကော့ဘဇားခရိုင်၊ အိုကီယားမြို့နယ်အတွင်းမှာ သြဂုတ် ၃၁ ရက် မနက်ပိုင်းက လက်နက်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။

လက်ရှိမှာ ARA ခေါင်းဆောင် နိုဘီဟူးဆောင်းနဲ့ ညီဖြစ်သူတို့ကို လူသတ်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ဓားပြမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ အမှတ် ၁၄ လက်နက်ကိုင် ရဲတပ်ဖွဲ့ရဲ့ တပ်မှူး Mohammad Iqbal က ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မောင်တော၊ ဘူးသီးတောင် တိုက်ပွဲတွေမှာ အာရက္ခတပ်တော်ကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်တွေကို ဝယ်ယူခဲ့တာတွေရှိတယ်လို့ AA က ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုတွေကို ပြုလုပ်နေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတယောက်က ပြောပါတယ်။

“ARA ခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြိုက်သလို ဝင်ထွက်သွားလာနေလို့ရတာ တွေ့ရတယ်။ ဒီအဖွဲ့တွေဟာ ရိုဟင်ဂျာလူထုကိုလည်း ကိုယ်စားပြုနေတာ မဟုတ်ဘဲ လူသတ်၊ ငွေညှစ်၊ မူးယစ်ဆေးရောင်းစတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။ တဖက်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်ကို ခုခံနေတဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်တယ်။ ဒီလို အကြမ်းဖက်အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထိထိရောက်ရောက်ကို အရေးယူမှုတွေ လုပ်သင့်တယ်။”

ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ARA, ARSA, RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းက လူငယ်တွေကို ဖမ်းဆီးပြီး ရခိုင်စစ်မြေပြင်မှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခိုင်းနေတာတွေ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

လက်ရှိ မောင်တောမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီနဲ့အတူ ရိုဟင်ဂျာ လက်နက်ကိုင်တွေဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013