DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွား၊ ကရင်နီ စစ်ရှောင်စခန်း ၁၅ ခုတွင် ဆန်ပြတ်လပ်နေ
DVB
·
September 3, 2024
ဖရူဆိုတွင် ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွား၊ ကရင်နီ စစ်ရှောင်စခန်း ၁၅ ခုတွင် ဆန်ပြတ်လပ်နေ
1 / 3
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒိုမိုစောကျေးရွာအုပ်စုမှာရှိတဲ့ ကလေးငယ်တွေမှာ အရေပြားကူးစက်ရောဂါတွေ သြဂုတ်လကစပြီး ခုချိန်ထိ ဖြစ်ပွားနေတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။

ဒိုမိုစောကျေးရွာအုပ်စုက ခါးဘယ်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်နေကာ နေအိမ်တိုင်းရှိ ကလေးငယ်အားလုံးနီးပါး အရေပြားကူးစက်ရောဂါတွေ ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ဒိုမိုစော၊ ခေါသခေါ၊ ခီးလိုပရာ၊ ပလေလာ၊ ရီကီခေါ၊ ထီးလိုဘူးရွာတွေမှာလည်း ကလေးငယ်တွေ အရေပြားကူးစက်ရောဂါ ဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။

“တအိမ်မှာ တ​ယောက်ဖြစ်ရင် တအိမ်လုံး ကူးစက်တာတွေ ဖြစ်တယ်။ အဓိကက ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ ရွာတွေမှာ ဖြစ်တယ်။ စစ်ရှောင်တွေလည်း ဖြစ်တယ်။ အဲဒီလိုဖြစ်ရင် ယားတယ်။ ကလေးတွေက ငိုပဲငိုနေတာ။ ဆေးခန်းကလည်း ရွာဆေးခန်းပဲ ပြရတာပေါ့။ ဆေးသောက်ချိန်တော့ သက်သာတယ်။ ပြီးရင် ပြန်ဖြစ်တယ်၊ အဲဒီလိုဖြစ်နေတာ။ ရေကျောက်ပုံစံမျိုးလားပဲ။ ဖြစ်တာ သုံး လေးရက်ရှိရင် အနာတွေက ခြောက်သွားတယ်။”

ဆေးဝါးကုသမှုအနေနဲ့ ရွေ့လျားဆေးခန်းက ကုသမှုကို တခေါက်ခံယူခဲ့ကာ ဆေးသောက်ချိန်မှာ သက်သာပေမဲ့ ပြန်ဖြစ်တာတွေရှိနေပြီး ကျေးရွာဆေးခန်းကလည်း ဆေးဝါးအနေနဲ့ ပါရာစီတမော၊ စီထရင်း၊ အမောက်စလင်တို့ကိုသာ တိုက်နိုင်တယ်လို့ သိရပါတယ်။

ကလေးမိခင်တယောက်က “ကျမသမီး နှစ်ယောက် ရှိတယ်။ သမီးတွေဖြစ်တော့ ကျောင်းတပတ်လောက် နားလိုက်ရတယ်။ အဲဒါ ပျောက်သွားပြီးတော့ အခု ဒုတိယအကြိမ် ပြန်ဖြစ်နေတယ်။ တယောက်ဖြစ်ရင် နောက်လူပါ ကူးသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာလည်း အရေပြား ကူးစက်မှုတွေ ဖြစ်ပွားနေပြီး ၆ လအရွယ် ကလေးငယ်ကနေ မူလတန်းအရွယ်ရှိ ကလေးငယ်တွေမှာ ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်စခန်း ၁၅ ခုလောက်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။

ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းတွေက လွိုင်နန်းတော်စခန်း ၂၊ မျှော်လင့်ခြင်းရောင်ခြည်၊ လိုဘာခိုစျေးကုန်း၊ ဆီးဘူးပလော့ သဇင်ကုန်း၊ ကန်ကလို့စစ်ရှောင်စခန်း၊ ဆူးပြောင်းစစ်ရှောင်စခန်း၊ ဆူးပြောင်းရွာသစ်၊ ဒိုးလီစခန်း၊ ဆာခေါစခန်း၊ ပရေးပရိုစခန်း၊ မာဆေးပလိုစခန်း၊ ဟားမူစခန်း၊ လေးမိုင်မြေနီကုန်း၊ လယ်တော ၂ စခန်း၊ ဖရူဆိုအမှတ် ၁ စခန်း၊ တဖူးဒီးကူစခန်း၊ လျားဒူစခန်းတို့ ဖြစ် ပါတယ်။

ထွန်းမြန်မာဒိုနေးရှင်း တာဝန်ရှိသူ ကိုဖိုးဇော်က  “အဲဒီစခန်းတွေထဲက ဒီးမော့ဆိုက စခန်း ၃ ခု (လိုဘာခိုစျေးကုန်း၊ မျှော်လင့်ခြင်းရောင်ခြည်၊ ဆီးဘူးပလော့ သဇင်ကုန်း) ကိုပဲ လှူနိုင်သေး တယ်ပေါ့နော်။ ဆန်ပြတ်လပ်တဲ့ စခန်းတွေက ပိုများလာတယ်ပေါ့နော်။ သူတို့ လတ်တလော ဘယ်လို ဖြေရှင်းကြလဲဆိုတော့ နီးစပ်ရာ ခဏ ချေးငှားစားရတယ်။ ကျေးရွာတွေနဲ့နီးတဲ့ စစ်ရှောင်တွေဆိုရင် ရွာသားတွေဆီက ဆန်ချေးတယ်၊ စပါးတွေရိတ်တဲ့အခါကျရင် အလုပ်သမားခ အနေနဲ့ ပြန်ဖြတ်ခိုင်းတာတွေ ရှိတယ်။ တောင်ယာတို့၊ ပြောင်းခင်းတို့၊ ငရုတ်ခင်းတို့မှာ လိုက်ပြီးတော့ နေ့စားခအနေနဲ့ ပြန်ဖြတ်ပေးဆိုပြီး လုပ်တာတွေရှိတယ်။”လို့ပြောပါတယ်။

ဆန်ပြတ်လပ်နေတဲ့ စခန်းတချို့က ထမင်းအစား ဆန်ပြုတ် ချက်ပြုတ်စားသောက်ရတာအပြင် ထမင်းတနပ် လျှော့စားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတခုမှာ အိမ်ခြေ ၃၀ ကျော် လူဦးရေ ၁၂၀ ဝန်းကျင်လောက် အနည်းဆုံးရှိနေပြီး အိမ်ခြေ ၇၀ ကျော်ကနေ ၁၀၀ ကျော်တဲ့ စစ်ရှောင်စခန်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းမှ အမျိုးသားတယောက်က “ကျနော်တို့ဆိုရင် ထမင်းနှစ်နပ်ပဲ စားတယ်။ အသားဟင်းဆိုလည်း အလှူရှင်ရှိမှ စားရတာပေါ့နော်။ စခန်းကိုလည်း အလှူရှင် လာရောက် လှူဒါန်းမှု နည်းသွားတယ်။ အခုနှစ်က ပိုသိသာတာပေါ့နော်။ တခါတလေ နေ့စားခရတာနဲ့ ဖြေရှင်းပေမဲ့ နေ့စားက ရက်တိုင်းမရှိတော့ ခက်ခဲတယ်” လို့ ပြောပါတယ်။

စစ်ရှောင်အရေး ကူညီသူတွေအနေနဲ့လည်း အလှူရှင် လှူဒါန်းမှု နည်းပါးတဲ့အတွက် အရင်နှစ်တွေ ကလို စစ်ရှောင်စခန်းတွေကို အများအပြား မလှူဒါန်းနိုင်ဘဲ လိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို အဓိကထား လှူဒါန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲဝန်းကျင်ရှိကာ စစ်ရှောင်ကာလ ၃ နှစ်ကျော် အထိ ရှိနေပြီး တနှစ်ထက်တနှစ် အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးလာတာကြောင့် ဆန်ပြတ်လပ်မှုတွေ၊ မိုးကာမလုံလောက်မှုတွေ၊ ဆေးဝါးလိုအပ်မှုတွေနဲ့ အခက်အခဲများစွာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013