DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းရန်အဓမ္မ လိုက်လံဖမ်းဆီး 
DVB
·
September 2, 2024
မအူပင်တွင် စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းရန်အဓမ္မ လိုက်လံဖမ်းဆီး 
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေဝတ်ပြီး အိမ်စီးကားတွေ အသုံးပြုကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မအူပင်မြို့မှာ သြဂုတ် ၂၅ ရက်လောက်က စတင်ပြီး စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေ ဝတ်ဆင်ပြီး အိမ်စီးကားတွေ အသုံးပြုကာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ လိုက်လံဖမ်းဆီးတာ ဖြစ်ပါတယ်။ 

မအူပင်မြို့ခံ တယောက်က “အရင်လတွေက မဲနှိုက်ခိုင်းတယ်၊ မဲပေါက်တဲ့သူ စစ်မှုထမ်းဖို့ ခေါ်တယ်။ နောက်တော့ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ ဆင့်ခေါ်တယ်။ အခုတော့ နောက်ထပ် နည်းလမ်းတမျိုးနဲ့ အတင်းအဓမ္မကို အိမ်စီးကားတွေနဲ့ ဖမ်းတော့တာပဲ။ မအူပင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အဲ့လို နည်းနဲ့ စစ်မှု ထမ်းဖို့ခေါ်နေတာ။ တပတ်လောက်ရှိနေပြီ''လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ စစ်ကောင်စီ တပ်သားတွေက အသက်အရွယ်၊ ကျန်းမာတာ၊ မကျန်းမာတာ၊ မသန်စွမ်းတာ သန်စွမ်းတာမခွဲခြားတော့ပဲ အမျိုးသားမှန်သမျှကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလာတာတွေ့ ရတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဆိုပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရသူနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က''ရွာအထိပါ ဆင်းဖမ်းနေတာ။ ရွာက ဆီးသွားရင် သွေးပါနေတဲ့ လူငယ် ဝေဒနာရှင်တယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က အတင်းခေါ်သွားတာ။ ဟိုရောက်လို့ ၂ ပတ်လောက် ကြာလာလို့ အခြေအနေအရမ်းဆိုးတော့ ပြန်လွှတ်လိုက်တာ။ အခုက ကောင်လေးက ဆေးရုံတင်ထားရတယ်။ ပြန်လွှတ်တော့ ကောင်းကောင်းမလွှတ်ပေးဘူး။ မိဘတွေဆီက ငွေတောင်ညှစ်လိုက်သေးတယ်''လို့ ပြောပါတယ်။ 

မအူပင်မြို့နယ်ထဲက ရပ်ကွက်တွေအပြင် စက်တင်ဘာ ၁ ရက်ကစတင်ပြီး ကျေးရွာတွေအထိ ညဘက်တွေမှာ ကင်းလှည့်သလိုနဲ့  အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ထပ်လုပ်လာလို့  အမျိုးသားတချို့ အိမ်မှာမအိပ်ရဲဘဲ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “စစ်ကောင်စီတပ်က အမျိုးသားတွေမှန်သမျှကို ကြီးတာ ငယ်တာ မရွေးတော့ဘဲ အကုန်ဖမ်းနေတာက ရှင်းရှင်းလေးပါ။ လူကိုပြန်လွှတ်ပေးရင် ပိုက်ဆံတောင်းမယ်လေ။ ဒီလိုပဲလုပ်နေတာ။ ကျုံပျော်မြို့နယ်ဘက်ကနေ အသက် ၄၀ ကျော်ကို စစ်မှုထမ်းဖို့ ဖမ်းခေါ်ပြီး ငွေတောင်းပြီး အသက်ကျော်နေလို့ ပြောပြီး သြဂုတ် ၂၉ ရက်က ပြန်လွှတ်ခဲ့သေးတာ”လို့ ပြောပါတယ်။

မအူပင်အပါအဝင် ဧရာဝတီတိုင်းမှာ စစ်မှုထမ်း ဥပဒေကို  စစ်ကောင်စီက အတည်ပြုတယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီတပ်၊ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပုံစံအမျိုးမျိုးနဲ့ စစ်သား စုဆောင်းနေတာ၊ စစ်မှုထမ်း ထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ် ငွေကောက်ခံတာ၊ စစ်မှုထမ်းလူစားထိုးဈေးကွက်လုပ်တာ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆင်မပြေသူတွေကို စစ်မှုထမ်းထဲ ရွေးထည့်တာအပြင် အခုလို နောက်ဆုံးပေါ် နည်းနဲ့ စစ်သားတွေက အရပ်ဝတ်တွေ ဝတ်ဆင်ပေးပြီး အိမ်စီးကားနဲ့ လူဖမ်းတာပါ လုပ်လာတာ ဖြစ်ပါတယ်။ 

မအူပင်မြို့ပေါ်မှာ အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ် ၁၉ ယောက်ကို စစ်ကောင်စီတပ်က သြဂုတ် နောက်ဆုံးအပတ်က ပုသိမ် စစ်တိုင်းရုံးကို ပို့ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013