DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်က ပျူရွာများကို ရိက္ခာထုပ်ရာချီ လေယာဉ်ဖြင့် ထောက်ပို့
DVB
·
September 1, 2024
မြိုင်မြို့နယ်က ပျူရွာများကို ရိက္ခာထုပ်ရာချီ လေယာဉ်ဖြင့် ထောက်ပို့
Donate to DVB

သုတချမ်းသာ 

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက ရိက္ခာမထောက်ပို့ရင် အလင်းဝင်မယ်လို့ သတင်းပေးပြောဆိုတာကြောင့်  ပျူရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ရိက္ခာထုပ်ရာချီပြီး ထောက်ပို့တာတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်တို့မှာ PDF တွေက အဘက်ဘက်က ပိတ်ဆို့ထားတာကြောင့် ပျူစောထီးရွာတွေမှာ အချိန် ၅ လကျော် ရိက္ခာပြတ်တောက်နေခဲ့တာပါ။

ရိက္ခာပြတ်တောက်ချိန် ကြာလာတာနဲ့အမျှ ရပ်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက် အလင်းဝင်တော့မယ်လို့ ပျူစောထီးတွေက ဆက်သွယ်ပြောဆိုတာကြောင့် ဩဂုတ် ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ပခုက္ကူခရိုင်၊ မြိုင်နယ်ထဲက ပျူစောထီးကျေးရွာတွေကို လေယာဉ်နဲ့ရိက္ခာထုပ်ရာချီပြီး စစ်ကောင်စီက ပေးပို့ခဲ့တာဖြစ်ပါတယ်။ 

မြေပြင်ကားလမ်းကဆိုရင် ပခုက္ကူမြို့ပေါ် ၁၀၁ တပ်ရင်း၊ ဖူလုံရေးတပ်ကနေ တွင်းမ၊ သရက်ကန်၊ သရက်ခွ၊ မြိုင်၊ စက်မှုအရပ်တွေကိုဖြတ်ပြီးမှ ရိက္ခာပြတ်တောက်နေတဲ့ မြိုင်နယ်ထဲက ကန်နီရွာနဲ့ ပျူရွာတွေဆီကို ရောက်မှာဖြစ်ပြီး PDF တွေက နယ်မြေထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက လေယာဉ်နဲ့ရိက္ခာပို့တဲ့နည်းကို သုံးနေရတာပါ။

ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ ရဲဘော်ခလေးက “ပျူရွာတွေကို ရိက္ခာချပေးတာက ပါဆယ်ထုပ်က အထုပ် ၁၀၀ တိတိဗျ၊ ကျနော့်ရှေ့တင် မျက်မြင်ပဲ၊ ၅ မိနစ်ခြားတခါလောက် ချသွားတာပဲဗျာ။ မနေ့ကလည်း သရက်ခွကိုချတယ်၊ ဒီနေ့ဆိုရင် ကန်နီပျူရွာကို ချတယ်၊ ပျူရွာတွေ တော်တော်များများက ရိက္ခာတွေပြတ်နေတော့ သရက်ကွ၊ သရက်ကန်၊ တွင်းမ၊ ကန်နီပျူရွာတို့က ရိက္ခာတွေပြတ်နေတော့ သူတို့ကို ရိက္ခာမှချမပေးနိုင်ရင် အလင်းဝင်ဖို့အထိကို ကျနော်တို့ သတင်းရထားတယ်။ ဒီလအကုန်ပေါ့ ဒါမှမဟုတ် ဒီနှစ်ပိုင်းအကုန်အထိပေါ့။ အဲ့လိုမျိုး သတင်းရထားတာပေါ့ဗျာ။ မနေ့က ကန်နီပျူရွာကိုသတိပေးတာပေါ့ဗျာ နွေးထွေးစွာ ကြိုဆိုတယ်ပေါ့၊ အလင်းဝင်ရင်ဝင်လို့ ရပါတယ်ပေါ့။ ဘယ်ဘက်ကနေပဲလာလာ ကျနော်တို့ ကြိုဆိုနေမယ်လို့ သတင်းပို့ထားတယ်။ မနေ့က သတင်းပို့ပြီးတဲ့နောက်မှာမှ ဒီနေ့ကြမှ ရိက္ခာချလာတယ်ပေါ့ဗျာ။ ပခုက္ကူကနေပြီးတော့ ဒီကန်နီဘက်ကိုလာဖို့ဆိုရင် ဖူလုံစစ်တပ်ဆိုတာ ရှိတယ်။ ပခုက္ကူကနေ သူတို့တိုက်ရိုက်ကိုလာမှာ ဒီဘက်တွေထိကို။ ရိက္ခာကားနဲ့လာတယ်၊ ဒါပေမဲ့ ဒီဘက်တွေ မရောက်နိုင်ဘဲနဲ့ နောက်ပြန်ဆုတ်သွားရတယ် သူတို့က။ အဲ့ဒီကားတန်း မရောက်လာတဲ့အတွက်ကြောင့် သူတို့က Y8 နဲ့ချတယ်ပေါ့ဗျာ။ အမှန်ဆို ဒီရိက္ခာတွေချရမှာက လွန်ခဲ့တဲ့ ၄-၅ လကတည်းက ချရမယ့်ရိက္ခာတွေ။ အဲ့မှာ ကားနဲ့မချနိုင်တဲ့အတွက် လေယာဉ်နဲ့ချပေးတယ်လို့ ကျနော်တို့က မှတ်ချက်ယူထားတယ်ဗျာ။"

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ စစ်ကိုင်း-မန္တလေး စစ်ရေးသတင်းတွေကြောင့် မကွေးဒေသတွင်း စစ်ရေးသတင်းတွေ ငြိမ်သလိုဖြစ်ခဲ့ပေမဲ့ လက်တွေ့မြေပြင်မှာတော့ PDF တွေက တစတစနယ်မြေထိန်းချုပ်နိုင်တဲ့အား ပိုကောင်းလာတာပါ။ 

မကွေးဒေသတွင်း စစ်ကောင်စီအင်အားတွေထဲမှာ စစ်သားနဲ့ရဲပါဝင်မှုက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိနေပြီး ကျန်တာအများစုက ပျူစောထီးတွေဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ မကွေးမြောက်ပိုင်းပေါ့။ ခရိုင် ၂ ခုဖြစ်တဲ့ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ကတော့ မြို့ပေါ်တွေလောက်နဲ့ သူတို့တပ်ရင်းတပ်ဖွဲ့အခြေစိုက်စခန်းတွေလောက်မှာပဲ ရှိတော့တာလေ။ ရဲစခန်းတော်တော်များများဆိုရင် စွန့်လွှတ်ထားရတာတွေ များသွားပြီလေ။ PDF က စိုးမိုးမှုက တော်တော်များတယ်။ မြို့သိမ်းတိုက်ပွဲဘာညာဆိုတာတွေကတော့ MOD ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ သူတို့ရဲ့ပေါ်လစီပိုင်းအရ အကောင်အထည်ဖော်ရမယ့်ဟာတွေဆိုတဲ့အခါကြတော့ အဲ့ဒီအပိုင်းတွေကြတော့ ကျနော်တို့လည်းပွင့်ပွင့်လင်းလင်းပြောရရင် သိပ်မသိဘူးပေါ့လေ။”

၂၀၂၄ နှစ်ဆန်းပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေအထိ စစ်ကောင်စီက စစ်ကြောင်းထိုး ယာဉ်တန်းတွေနဲ့အတူ ပျူရွာတွေအတွက် ရိက္ခာထောက်ပံ့တာတွေ ပြုလုပ်ခဲ့တာပါ။ 

ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး မကွေးတိုင်းထဲမှာ စစ်ကြောင်းမထိုးနိုင်တော့တဲ့အတွက် စစ်ကာင်စီက ရဟတ်ယာဉ်အသုံးပြုပြီး ရိက္ခာချတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမဲ့ လေယာဉ်ဆီ ပြတ်တောက်တာနဲ့ အောက်ကနေ ရဟတ်ယာဉ်ကိုပစ်ချဖို့ကြိုးစားတာတွေကြောင့် အဲ့ဒီနည်းလမ်းကိုလည်း လက်လျှော့ခဲ့ရပါတယ်။ 

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ ပျူရွာတွေမှာ ရိက္ခာပြတ်ပြီး အခက်အခဲဖြစ်နေကြောင်း စစ်ခေါင်းဆောင်ကို အပြစ်တင်ပြောဆိုခဲ့တာတွေ တွေ့ရပါတယ်။ 

အဲဒီလို လေယာဉ်နဲ့ ချပေးတဲ့ ရိက္ခာထုပ်တွေထဲက အထုပ် ၅၀ ကျော်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရင်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013