DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် မတ်ပဲများ တရုတ်သို့သာ ပို့နေရသဖြင့် အရှုံးပေါ်
DVB
·
September 1, 2024
ဧရာဝတီတိုင်းထွက် မတ်ပဲများ တရုတ်သို့သာ ပို့နေရသဖြင့် အရှုံးပေါ်
Donate to DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ မတ်ပဲတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့ပဲ တင်ပို့နေရတာကြောင့် စိုက်ပျိုးသူတွေ၊ ကုန်သည်တွေနဲ့လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းကထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် မတ်ပဲတွေကို အရင်က ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယစတဲ့နိုင်ငံတွေဆီ အကန့်အသတ်မရှိ တင်ပို့ရောင်းချလို့ရခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တင်ပို့နေကျနိုင်ငံတွေဆီ အပြည့်အဝပြန်လည် မတင်ပို့နိုင်သေးတာ၊ တရုတ်နိုင်ငံတခုတည်းဆီကို အကန့်အသတ်နဲ့ပဲ တင်ပို့နေရတာကြောင့် ဈေးကောင်းမရဖြစ်ပြီး အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့က မတ်ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “မတ်ပဲသီးနှံက အရင်ကတည်းက ပြည်ပဈေးကွက်ပဲ အားထားရတာ။ ကိုဗစ်နဲ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ၃ နှစ်ကျော် လာတဲ့အချိန်အထိ ပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက်အလုပ် မလုပ်နိုင်သေးဘူး။ လုပ်ငန်းတွေက ပုံစံတကျပြန်မလည်ပတ်နိုင်သေးဘူး။ ပြည်ပဈေးကွက်ကလည်း တရုတ်တခုတည်းမှီခိုပြီး လုပ်နေတော့ အခုရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်။ လုပ်ငန်းကိုအိတ်စိုက် လုပ်နေတာ တောင့်မခံနိုင်တော့ဘူး။ အရှုံးပဲပြနေတယ်” လို့ ပြောပါတယ်။

အခုလို ပြည်ပတရုတ်ဈေးကွက်တခုတည်းကိုပဲ အားထားတင်ပို့ရောင်းချနေရတာကြောင့် အရင်က မတ်ပဲ ၁၆ ပြည် တအိတ်ကို ငွေကျပ် ၁၃၅,၀၀၀ ကနေ ၁၅၅,၀၀၀ အထိ ဈေးရရှိခဲ့ပြီး လက်ရှိမတ်ပဲ ၁၆ ပြည်တအိတ်ကို ငွေကျပ် ၉၈,၀၀၀ ကနေ ၁၀,၅၀၀၀ အထိပဲရရှိတော့လို့ လုပ်သားခ၊ သွင်းအားစုစရိတ်၊ တခြား အထွေထွေကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်တွက်ချက်ရင် အရှုံးပေါ်နေတာလို့ သိရပါတယ်။

မအူပင်မြို့နယ်က ပဲအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင် တယောက်က “ဒီလုပ်ငန်းက အားလုံးအသိပဲ။ ပြည်ပဈေးကွက်ရှိမှအဆင်ပြေတာ။ မတ်ပဲတွေရဲ့ ဈေးနှုန်းကလည်း ပြည်ပဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်ယှဉ်တဲ့အခါ အရမ်းကွာတယ်။ ကိုယ်လုပ်ငန်းကို ဖက်တွဲနေတာနဲ့ ကိုယ့်ကို မှီခိုနေတဲ့ လုပ်သားတွေအဆင်ပြေစေဖို့ အဆင်ပြေလာမလားဆိုတဲ့ အတွေးနဲ့လုပ်လာတာ။ အရှုံးခံထိနေတာမနည်းတော့ဘူး။ ကာလရှည်လည်းအရှုံးခံဆက်မလုပ်နိုင်တော့ဘူး။ ဒီဈေးနဲ့က လုပ်သားခတောင် ပြန်မဝင်လို့ ဒီလကုန်အထိစောင့်ကြည့်လို့ အဆင်မပြေရင်နားပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေထဲမှာ စပါးပြီးရင် ပဲသီးနှံကို အဓိက စိုက်ပျိုးတာဖြစ်ပြီး မတ်ပဲသီးနှံကို ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ပန်းတနော်၊ အင်္ဂပူ၊ သာပေါင်း၊ ငပုတော စတဲ့မြို့နယ်တွေက ဒေသခံတောင်သူတွေဟာ နွေနဲ့ ဆောင်းကာလတွေမှာ အများဆုံး စိုက်ပျိုးကြတယ်လို့သိရပါတယ်။

ပဲအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ ပဲရောင်းဝယ်တဲ့လုပ်ငန်းကို ရပ်နားလိုက်ရင် ဒီလုပ်ငန်းကို မှီခိုနေတဲ့ လုပ်သားတွေပါ အခက်အခဲရှိလာနိုင်တယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013