DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းက စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်၊ ခမောက်ကြီးတွင် လူနေအိမ်များကို စစ်တပ်မီးရှို့
DVB
·
September 1, 2024
သပိတ်ကျင်းက စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်၊ ခမောက်ကြီးတွင် လူနေအိမ်များကို စစ်တပ်မီးရှို့
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့မှာတော့ စစ်ကောင်စီတပ်က လူနေအိမ်တွေ၊ ရာဘာပြားဂို‌ဒေါင်နဲ့ ‌မီးသွေးဖိုတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။

သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ လေးမိုင်ကျေးရွာ အပါအဝင် တာဝါတိုင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို သြဂုတ် ၃၀ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြိုနယ် ပကဖ ရဲ့ တာဝန်ခံတယောက်က “အဲဒီစခန်းတွေမှာက သပိတ်ကျင်းမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ တတက ၁၃၊ စခတ ၂၊ သနတ ၁ တို့က ထုတ်နုတ်အင်အားတွေနဲ့ တပ်စွဲနေတာပါ။ သူတို့စခန်းတွေကို တကယ်တမ်း တိုက်ခိုက်ချိန် ၂ ရက် မပြည့်ခင်မှာဘဲ စခန်းတွေကို အပြီးသိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ လေးမိုင်ကျေးရွာ အပါအဝင် တာဝါတိုင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို သြဂုတ် ၂၉ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဩဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းမြိုနယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူတို့ဘက်က သေဆုံး ဒဏ်ရာရတာတွေ များတယ်။ အခုမှ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေရကြတာဖြစ်လို့ အတိအကျပြောဖို့လို့ကတော့ မဖြစ်နိုင်သေးဘူးဗျ။ ကျနော်တို့ ရဲဘော်တချို့တော့ အသေးစားဒဏ်ရာလေးတွေရခဲ့ပါတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေကနေ သေနတ် ၁၃ လက်၊ ကျည် ၂၇၉၆ တောင့်၊ Drone Slayer ၂ လက်၊ ၆၀ မမ ဗုံးသီး ၄၃ လုံး၊ အီနာဂါ ၆ လုံးနဲ့ ကျည်အိမ် ၂၂ ခုတို့ သိမ်းဆည်းရရှိခဲ့​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပြီး အဲဒီ စခန်းသိမ်းတိုက်ပွဲတွေကို သပိတ်ကျင်းမြိုနယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂၊ တပ်ရင်း ၅၀၉၊ ၅၁၀၊ ၅၁၂၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ W 89 ကန့်ဘလူခရိုင်အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ခမောက်ငယ်ရွာ အနောက်ဘက်  ချောင်းဝရွာအနီးမှာ အခြေချနေထိုင်နေတဲ့ အရပ်သားပြည်သူနေအိမ်တွေကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီး အရပ်သား ၅ ယောက်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ချောင်းဝရွာအနီးရှိ (ဒေသအခေါ်) နံပါတ် ၂ ချောင်းနားမှာ ဩဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်က ရာဘာပြားဂို‌ဒေါင်၊ လူနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးသွားပြီးတော့ ရွာသားတွေလုပ်ကိုင်နေတဲ့ မီးသွေးဖိုတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၅ ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်သားသစ်စုဆောင်းတဲ့နေရာဖြစ်တဲ့ ခမောက်ကြီးမြို့၊ ခြောက်မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “အဲဘက်မှာ ချောင်းက နံပါတ်အလိုက်ရှိကြတယ်။ နံပါတ် ၁၊ ၂ ဆိုပြီးပေါ့။ သူတို့က ချောင်းအနီးမှာအခြေချနေထိုင်ကြတဲ့သူ‌တွေပါ။ မီးသွေးဖောင်း(မီးသွေးဖို)တို့ ဥယျာဉ်ခြံလုပ်တို့ ဂဏန်းမြှုံးထောင်တာတို့လုပ်ကြတယ်။ အိမ်ခြေက ၁ဝ ကျော်လောက်ပဲရှိတယ်။ အခုတော့ အကုန်ကုန်သွားပြီပြောရမှာပေါ့။ လူတွေလည်း ထွက်ပြေးသွားကြတယ်။ ဖမ်းသွားတဲ့လူတွေကိုလည်း ခမောက်ကြီးဘက်ခေါ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ စစ်ကြောင်းဟာ ကော့သောင်းမြို့နယ်အတွင်း လုံခြုံရေးနယ်မြေရှင်းလင်းနေတုန်း ခမောက်ငယ်ရွာရဲ့အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့် အကွာ ရောက်တဲ့အချိန် ပကဖ ၅ ယောက်လောက်က ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ရာမှာ ၂ ယောက်ကို လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၁ တောင့်နဲ့အတူ အရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၄ ရက်နေ့ကတည်းက ကော့သောင်းနဲ့ ခမောက်ကြီး တပ်နယ်က စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ကျော်လောက်နဲ့ မလိဝမ်းဒေသနဲ့ ရှမ်းကိုးရွာက မာရမ်းဒေသကို စစ်ကြောင်းထိုးလာပြီး ခမောက်ငယ်ရွာ ပျိုးခင်းစာသင်ကျောင်းအနီးတဝိုက်နဲ့ မာရမ်းဒေသက ဥယျာဉ်ခြံတွေမှာ တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ၊ ကင်းပုန်းဝပ်တာနဲ့ နယ်မြေရှင်းလင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဖုန်းတွေကို အဓိကစစ်ဆေးတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်မှုရှိ၊ မရှိ စစ်ဆေးတာမျိုးပါ။ ယောက်ျားတွေဆိုရင် တကိုယ်လုံး စစ်ဆေးတယ်တဲ့။ မိန်းကလေးတွေ ကျတော့ အိတ်ကပ်တို့ကို စစ်ဆေးတာလုပ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကလည်း ခမောက်ငယ်ရွာအုပ်စု ပျိုးခင်းရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာသစ်ရွာကို ဝင်ရောက်ပြီး အရပ်သားပြည်သူနေအိမ် ၁၅ လုံးလောက်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013