DVB Logo
Home
မြန်မာသတင်း
ပခုက္ကူဘဏ်ရှေ့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ကမ္မရဲစခန်းက ရဲ ၁ ဦး ဖမ်းမိ
DVB
·
September 1, 2024
ပခုက္ကူဘဏ်ရှေ့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ကမ္မရဲစခန်းက ရဲ ၁ ဦး ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့လို့ တယောက် သေဆုံးပြီး ကမ္မနယ်မြေရဲစခန်းက ရဲတပ်သား  တယောက်ကို လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့က စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၃၀ ရက်  ၁၁ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တယောက် သေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်-ပကဖဆီကနေ သိရပါတယ်။

မြိုင်-ပကဖ ရဲ့ စစ်ရေးတာဝန်ခံတယောက်က “အခုနေရာနဲ့ မြို့မရဲစခန်းက မီတာ ၁၀၀ နီးပါး လောက်ပဲဝေးတာ။ သူတို့ဘက်က နေထိုင်ပုံစံပြောင်းသွားပြီ ထင်တယ်။ ဂိတ်ရယ်လို့ သီးသန့်နေတာ မဟုတ်တော့ဘူး။ ပြည်သူကို အကာအကွယ်ယူပြီး ပြည်သူပိုင်တဲ့ မီနီအိုးဝေပေါ်မှာ တက်နေနေတဲ့ကောင်တွေကို ကျနော်တို့ဘက်က ခြောက်လုံးပြူးသုံးပြီး ပစ်ခဲ့တာပါ။ ခမရ  ၂၅၃ တပ်ရင်းက စစ်သား တကောင်ကတော့ နားထင်တည့်တည့်ထိပြီး နေရာမှာတင် ရှောသွားတယ်။ ကျန်တဲ့ကောင်တွေက သေမှာကြောက်လို့ ဘဏ်ထဲ ဝင်​ပြေးသွားကြတာ တန်းနေတာပဲ။ ကျနော်တို့လည်း သေတဲ့ကောင်ဆီက လက်နက်တွေကောက်ပြီး ပြန်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှု​ကနေ MA 3 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၂၄ တောင့်တို့ သိမ်းဆည်း ရရှိ​ခဲ့ပြီး ပကဖရဲဘော်တယောက်ရဲ့ ဆိုင်ကယ် တစီးဆုံးရှုံးခဲ့တယ်လို့‌ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့အတူ DLP တပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေပြီး လမ်းသွားလမ်းလာ ပြည်သူ့တချို့ ဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက် ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းက ရဲတပ်သား တယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) ဆီကနေ သိရပါတယ်။

ကမ္မတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံက “ညနေခင်းဆိုတော့ အရက်ဝယ်ဖို့ သူတို့ရဲစခန်းထဲကနေ အနောက်ဘက်ကို ထွက်လာတဲ့ ရဲတပ်သား ဖုန်းမြင့် ကို ကျနော်တို့ ရဲဘော်တွေက စောင့်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

ရဲတပ်သား ဖုန်းမြင့်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ သာကြီးတောင်ရေနံမြေ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်တုန်းက စခန်းစွန့်ခွာထွက်ပြေးလာပြီး ကမ္မရဲစခန်းမှာ လာရောက်ပူးပေါင်းနေသူ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်သားဖုန်းမြင့် ဆီကနေ G3 သေနတ် တလက်၊ ကျည်ဘောက် တခု၊ ကျည် ၁၀၉ တောင့်အပြင် ဖုန်း တလုံးတို့ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013