DVB Logo
Home
မြန်မာသတင်း
မန္တလေးတောင်ပေါ်တွင် စကစ လက်နက်ကြီးအထိုင်ချ၊ ခင်ဦး PDF အထိုင်စခန်း ၆ ခု တိုက်ခိုက်ခံရ
DVB
·
August 31, 2024
မန္တလေးတောင်ပေါ်တွင် စကစ လက်နက်ကြီးအထိုင်ချ၊ ခင်ဦး PDF အထိုင်စခန်း ၆ ခု တိုက်ခိုက်ခံရ
Donate to DVB

သုတချမ်းသာ

မန္တလေးတောင်ပေါ်မှာ စစ်ကောင်စီက လက်နက်ကြီးအထိုင်ချထားသလို မန္တလေးတိုင်းထဲက ဘုရားကုန်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အဓိကထားတပ်စွဲပြီး ခံစစ်ပြင်နေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ PDF အထိုင်စခန်းနေရာ ၆ ခု သတင်းပေါက်ကြားပြီး လေကြောင်းကနေ တိုက်ခိုက်တာခံခဲ့ရပါတယ်။ 

မန္တလေးမြို့ရဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံတွေတည်ရှိရာ မန္တလေးတောင်ပေါ်မှာ စစ်ကောင်စီက လက်နက်ကြီးအထိုင်ချထားတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မန္တလေးဒေသတွင်း PDF တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီက မန္တလေးမြို့ပေါ်မှာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ 

သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအမွေအနှစ်တွေကို အကာအကွယ်ပြုတဲ့နည်းလမ်းကို စစ်ကောင်စီက အသုံးပြုနေတာဟာ နိုင်ငံတကာစစ်ရေးစံတွေနဲ့ သဘောတူညီချက်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့  မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက ဝေဖန်ပါတယ်။

“လက်နက်ကြီးကလည်း မန္တလေးတောင်ပေါ်မှာထိုင်ထားတယ်။ အခုကျောက်တံတားမှာဆိုရင် ထင်ထင်ရှားရှားပဲ၊ ကျောက်တံတားစာသင်ကျောင်း အထက ၁ အဲ့ဒီအထဲမှာလည်း ဘန်ကာဆောက်ပြီး တပ်စွဲထားတာပဲ။ မတ္တရာမြို့ပေါ်မှာရှိတဲ့ အထက ၁ ကျောင်းထဲမှာလည်းပဲ တပ်စွဲထားတာပဲ။ နောက် အများပြည်သူနဲ့သက်ဆိုင်တဲ့ မတ္တရာဘောလုံးကွင်း လက်နက်ကြီးအ ထိုင်ချထားတာပဲ။ နောက် လင်းမြွေချောင်း၊ ထီးတော်မိုးရဲ့ အရှေ့ဘက်ကဆိုရင် ဘုရားတောင်ပဲလေ ဖောင်တော်ဦးတောင်ခေါ်တာ ‌ရွှေတောင်ဦးလည်းခေါ်တယ် အဲ့ဒီတောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာလည်းပဲ လက်နက်ကြီးထိုင်ထားတာပဲ။ နောက်ဒီဘက်က ငမွန်းတောင်ရဲ့တောင်ထိပ်က ဘုန်းကြီးကျောင်းပဲ အဲ့ဒီကျောင်းထဲလည်း လက်နက်ကြီး ထိုင်ထားတာပဲ။ ကျနော်သိသလောက်က သူတို့တပ်စွဲထားတဲ့နေရာက စာသင်ကျောင်းဖြစ်ရင်ဖြစ် မဖြစ်ရင် ဘုန်းကြီးကျောင်းဖြစ်၊ ဘုန်းကြီးကျောင်းမဖြစ်ရင် ဘုရားကုန်းပဲ။ လပခနဲ့ပတ်သက်လို့ ပြောရလို့ရှိရင် လပခတိုင်းမှူး အောင်ခိုင်ဝင်းလည်း ပြောင်းသွားရှာပြီ။ နောက်တယောက်ဖြစ်သွားပြီ။ အဲ့ဒီတော့ အောင်ခိုင်ဝင်းကတော့ သူ့ဘာသူလစ်သွားပြီ။ အလံဖြူလည်းထောင်မသွားဘူး လက်နက်လည်းချမသွားဘူး အခုပြောင်းလာတဲ့ နောက်တယောက်ကလည်း နာမည်သုံးလုံးနဲ့ပဲ၊ အဲ့ဒီ သုံးလုံးလည်းပဲ ကျနော်တို့ ပြောချင်တာက လက်နက်ချပါ ပြည်သူနဲ့ပူးပေါင်းပါ၊ အလံဖြူထောင်ပါပဲ။”

မန္တလေး-စစ်ကိုင်းနယ်စပ် ခင်ဦးမြို့နယ်မှာတော့ ဩဂုတ် ၁၈ ရက်ကနေ ၂၉ ရက်အထိ ၁၂ ရက်အတွင်းမှာ မဒေါင်းကြီး-ရွှေကာ-ဆီဆုံလေးအနီးတဝိုက်၊ ဗအိုးရွာ၊ မုံလှရွာ၊ စည်ပုတ္တရာနဲ့ သေနပ်စိန်ရွာတွေအနီးက နေရာ ၆ ခုကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

ခင်ဦးနယ် မဒေါင်းလှ ပျူစောထီးစခန်းကို ဒေသတွင်း PDF တွေက သိမ်းယူပြီးနောက် စစ်ကောင်စီက PDF အခြေစိုက်စခန်းလို့ ယူဆတဲ့နေရာ ၆ ခုကို လေကြောင်းကနေ ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ခင်ဦးPDF တပ်ဖွဲ့ဝင်တယောက်က “ဒီရက်ပိုင်းအတွင်းကို ခင်ဦးမြို့နယ်အတွင်းမှာ ဖိုက်တာနဲ့ပစ်တာ ၆ ကြိမ်ရှိသွားပြီလေ၊ Location ပေါက်တဲ့သဘောပါပဲ။ ပေါက်တော့ တကယ်တမ်း သူတို့မြေပြင်ကြောင်းမနိုင်တော့ လေကြောင်းတွေနဲ့ တအားလိုက်ဖိ၊ သူတို့ကြိုက်သလောက်ပစ် တော်လှန်ရေးက နောက်ဆုတ်မသွားဘူး ရှေ့အတိုးရှိတာပဲ။ ပြည်သူဘက်ကတော့ ပစ်တာပစ်တာပဲ အားပေးတာအားပေးတာပဲ။ နောက်တခုက ခင်ဦးဆို ပကဖ၊ ပလဖ တပ်ရင်းရှိတဲ့ထဲမှာ ဒီပွိုင့် ၆ ခုလုံးက တပ်ရင်းအထိုင် သူတို့သံသယရှိတဲ့ နေရာတွေပေါ့နော်။ ဒါပေသိ ရဲဘော်တွေအတွက်က တယောက်မှအထိအခိုက်မရှိဘူး။ အသေအဆုံးမရှိပေါ့နော်။ ကျေးဇူးတင်တယ် ဘာလို့တုန်းဆိုတော့ သူတို့က အဲ့လိုပစ်လေလေ ကိုယ်တို့က လုံခြုံရေးစည်းတွေကို တင်းတင်းကျပ်ကျပ်နဲ့ ကိုင်တွယ်တဲ့အပိုင်းတွေ ပိုအားကောင်းလေပေါ့နော်။ တောက်လျှောက်အဲ့လိုပစ်နေတော့ အကိုတို့ရဲ့လုပ်ထုံး လုပ်နည်းတွေကို ပိုပြီးကျစ်လစ်ခိုင်မာအောင် ဖန်တီးပေးသလိုဖြစ်တော့ ပိုကောင်းပါတယ်၊ မင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်လို့ ပစ်တာ ဟုတ်လား၊ ပြောလိုက်ပါ။ အတွင်းစည်းပေါက်တဲ့သဘောရှိပါတယ် ကိုယ်တို့။ သူတို့ ‌ွေးဘက်ကို သတင်းပေးနိုင်တဲ့သူ နည်းနည်းပါးပါးရှိနေလို့ပေါ့ ဒီလိုပဲကောက်ချက်ချပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ အောက်တိုဘာလမှာစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်(လပခ)မှာ တိုင်းမှူး ၃ ယောက်အထိ စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့ရတာပါ။ စစ်ခေါင်းဆောင်က ဇူလိုင်လဆန်းပိုင်းကမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို ဩဂုတ် ၁၆ ရက်မှာ ရာထူးကအနားပေးပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ် ခန့်အပ်ထားပါတယ်။ 

မန္တလေးနယ်စပ် စစ်ကိုင်းတိုင်းထဲက PDF တွေက မန္တလေးဒေသတွင်းတိုက်ပွဲတွေမှာ ပါဝင်ကူညီနေတာကြောင့် စစ်ကောင်စီက စစ်ကိုင်းဘက်ခြမ်းနေရာတွေကို လေကြောင်းကနေခြိမ်းခြောက်တိုက်ခိုက်ပြီး အင်အားဖြိုခွဲတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013