DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် လူငယ်များ၏ အချက်အလက်ကို စစ်ကောင်စီ ကောက်ခံနေ
DVB
·
August 31, 2024
ပြည်ပရောက် လူငယ်များ၏ အချက်အလက်ကို စစ်ကောင်စီ ကောက်ခံနေ
Donate to DVB

ဇွဲသစ် 

စစ်မှုထမ်းစာရင်းမှာ ပါဝင်တဲ့ ပြည်ပရောက် လူငယ်တွေရဲ့  အချက်အလက်တွေကို မိသားစုဝင်တွေဆီကနေ တောင်းယူတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အ က်ဝင်ကြောင်းကြေညာပြီး၊ ၆ လကြာပြီးနောက် စစ်မှုထမ်းသင်တန်းခေါ်ယူတာ  အပတ်စဉ် ၄ အထိ ရောက်ရှိနေပါပြီ။

သြဂုတ်လအတွင်းမှာတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းအတွက် လူစာရင်းကောက်ခံနေပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ပြည်ပမှာ အလုပ်လုပ်၊ ကျောင်းတက်နေတဲ့ လူငယ်လူရွယ်တွေ စာရင်းကိုလည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် အုပ်ချုပ်ရေးမှူးတွေကတဆင့် စာရင်းတောင်းခံတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ လူငယ်ယောက်က ပြောပါတယ်။

“ကျနော့်အိမ်က မိသားစုကို စစ်မှုထမ်းဥပဒေအတွက် ဖောင်ထပ်လာဖြည့်ခိုင်းတယ်။ ဒုတိယအကြိမ်ပေါ့။ ဒီတကြိမ် ရောက်လာတဲ့ ဖောင်က ကျနော် ထွက်မလာခင်တုန်းက ဖြည့်တဲ့ ဖောင်နဲ့ မတူဘဲ ဒီနိုင်ငံခြား ရောက်နေတဲ့ လူငယ်တွေအတွက် သပ်သပ်ဖြည့်ခိုင်းတဲ့ ဖောင်ဖြစ်နေတယ်။ အဲ့ထဲမှာ ဘာအချက်အလက်တွေ ပါလဲဆိုရင် ကျနော်တို့ ဗီဇာ status တွေ၊ လက်ရှိ နေထိုင်ရာ နိုင်ငံရဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ ပြီးတော့ ပတ်စ်ပို့နံပါတ်တွေ၊ တက်တဲ့ကျောင်းကအစ အတိအကျ တောင်းတာတွေ ရှိလာတယ်။ ဒါကို မဖြည့်ဘူးဆိုရင် နောက်က မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ်တော့ တိတိကျကျ မပြောသေးဘူး။ ဒါပေမဲ့ အရေးယူခံရမယ်၊ ထိထိရောက်ရောက် အရေးယူခံရမယ်ဆိုတာမျိုးတော့ ပြောသွားတယ်ဗျ။”

စစ်မှုထမ်းစာရင်းမှာ ပါဝင်တဲ့ လူငယ်တွေအနေနဲ့ စစ်မှုမထမ်းဆောင်လိုဘူးဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို လစဉ်ငွေကြေး ပေးဆောင်ရတယ်လို့လည်း ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။

ပြည်တွင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လုံခြုံရေးအရ နာမည်လွှဲထားသူ ကိုစိုးမိုးဟာလည်း စစ်မှုထမ်းစာရင်းမှာ ပါဝင်တာကြောင့် လစဉ် ငွေကြေးပေးပြီး တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ကိုစိုးမိုး (အမည်လွှဲ) က “ကျနော်က နာမည်စာရင်း ပေါက်နေတယ်။ ပေါက်နေတော့ ကျနော့်အိမ်က နည်းနည်း ပိုက်ဆံပေးရတာပေါ့။ အဲ့လိုပေးပြီး နေရတယ်။ သူတို့အမြဲတမ်း အဲဒါကို checking လိုက်နေတာပေါ့။ တလတခါလောက် အိမ်ကို လာတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်ပဲ လိမ်ထားရတာပေါ့။ အဲဒီလိုမျိုး နားလည်မှုတခုနဲ့ လုပ်နေရတာပေါ့။ နောက်ပိုင်း ဘာတွေ ဖြစ်လာမလဲ မသိဘူး။ အခြေအနေက ကောင်းတဲ့အနေအထား မရှိဘူး။ နောက်ပိုင်းလည်း ဒီလိုမျိုး ပေးပြီးတော့ပဲ နေရမှာပေါ့” လို့ ပြောပါတယ်။

အခုလို ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းစာရင်း ကောက်ခံတာ၊ ခြမ်းခြောက်ခေါ်ယူတာ၊ ငွေတောင်းခံတာတွေအပြင် အတွေ့အကြုံမရှိတဲ့ တပ်သားတွေကို ရှေ့တန်း စစ်မျက်နှာပြင် ပို့တာတွေဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ဆီ ရောက်ရှိလာတဲ့ တိုင်ကြားမှုအရ အတင်းအဓမ္မ စတင်ပြီးတော့ စာရင်းကောက်တာတွေ၊ ခြမ်းခြောက်တာတွေ၊ ငွေတောင်းခံတာတွေ စဖြစ်လာတယ်။ ဒါတွေ မကဘဲနဲ့ တချို့နေရာမှာ မဲနှိုက်ပြီးတော့ ပို့ရတဲ့ အရာတွေ ရှိတယ်။ တချို့နေရာတွေမှာ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်တာတွေ တွေ့ရတယ်။ တချိန်တည်းမှာပဲ အခုဆိုရင် ဖမ်းဆီးသွားတယ်၊ စစ်တပ်ထဲ ရောက်သွားတဲ့သူတွေကို ဖုတ်ပူမီးတိုက် စစ်ပညာ သင်ပေးပြီးတော့ အခုဆိုရင် ရခိုင်ဘက်မှာ တိုက်ခိုင်းနေတာတွေ၊ တိုက်ခိုင်းတဲ့ထဲမှာ ဘာမှ စစ်ရေး အတွေ့အကြုံမရှိ၊ လေ့ကျင့်မှုမရှိလို့ သေဆုံးမှုတွေ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အဖြစ်အပျက်တွေလည်း ကျနော်တို့ ကြားပါတယ်။ ဒါက ပထမဦးဆုံး ဖြစ်လာတဲ့ ချက်ချင်းကြုံတွေ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါ့။”

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရေးပဋိပက္ခတွေ၊ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း ပြည်ပထွက်ခွာသူ သန်းနဲ့ချီ ရှိလာပါတယ်။ 

၂၀၂၂ ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ နယ်စပ်ထွက်ပေါက်တွေ အပါအဝင် ပြည်ပနိုင်ငံတွေဆီ သွားရောက်တဲ့ ခန့်မှန်းလူဦးရေဟာ ၂.၃ သန်းနီးပါး ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013