DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးတပ်ထိန်းချုပ်နယ်တွင် တော်လှန်ရေးရဲဘော်သတ်ခံရခြင်း အမှုမှန်ပေါ်ရေး တောင်းဆို
DVB
·
August 31, 2024
တော်လှန်ရေးတပ်ထိန်းချုပ်နယ်တွင် တော်လှန်ရေးရဲဘော်သတ်ခံရခြင်း အမှုမှန်ပေါ်ရေး တောင်းဆို
Donate to DVB

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်ညီညီ (ခ) သန်းထိုက်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ ပစ်သတ်ခံခဲ့ရတဲ့အပေါ် တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို တပ်ဖွဲ့ရဲ့ ဗဟိုဦးဆောင်အဖွဲ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာနတာဝန်ခံဖြစ်သူ ရဲဘော် သန်းထိုက် (ခ) ညီညီဟာ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အိုင်လျား (အိုင်သာ) ကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာကြား မြေပဲခင်းထဲမှာ ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ စာထဲမှာ ဖော်ပြပါတယ်။

အသက် ၂၅ နှစ်ကျော်အရွယ် ရဲဘော်ညီညီဟာ အနေအေးပြီး ရန်ငြှိုးရန်စမရှိသူဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၈-၁၉ လောက်ကတည်းက အစိုးရက ဖွဲ့စည်းပေးထားတဲ့ မန္တလေးတိုင်း၊ လူငယ်ရေးရာကော်မတီရဲ့ တိုင်းအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်မှာ အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာတွေမှာ ဦးဆောင်ခဲ့သူတယောက်ဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီးနောက် ထောင်ဒဏ် ၃ နှစ်ကနေ ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

ထောင်ကလွတ်လာပြီးနောက် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှာပါဝင်လာခဲ့ပြီး အခုလို တော်လှန်ရေး ရဲဘော်တယောက်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသထဲမှာ လုပ်ကြံ သတ်ဖြတ်ခံရတာဟာ ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို စိန်ခေါ် လိုက်တာဖြစ်ပြီး တော်လှန်ရေးအပေါ် စော်ကားတဲ့လုပ်ရပ်တခုလို့ သတ်မှတ်နိုင်သလို မြေပြင်မှာ ဒီလိုဖြစ်ရပ်တွေ မကြာခဏဖြစ်ပွားနေပြီး ကြားကာလ တရားမျှတမှု ဖော်ဆောင်ရေးလည်း အင်မတန်အားနည်းနေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် လူငယ်ကိုယ်စားလှယ် ကိုချစ်မင်းက “သူ့သတင်းကို စစကြားတော့ အတော်လေးကို စိတ်ထိခိုက်ရတယ်။ သူနဲ့အလုပ်အတူလုပ်တုန်းက သူ့ရဲ့လူငယ်တွေအပေါ် ထားတဲ့ စိတ်ဓာတ်နဲ့ နိုးနိုးကြားကြား လုပ်တတ်တယ်။ ဒီလိုမျိုးလူငယ်တယောက် တော်လှန်ရေးမှာ လူမဆန်စွာ လုပ်ကြံခံလိုက်ရတဲ့အတွက်ကြောင့် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ရတယ်။ တော်လှန်ရေးအစိုးရအဖြစ် တာဝန်ယူထားတဲ့ NUG နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း အမှုမှန်ပေါ်ပေါက်ရေးနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ အဓိက တာဝန်ရှိတာပေါ့။ တော်လှန်ရေး နယ်မြေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမဆန်စွာသတ်ဖြတ်မှုတွေ၊ လက်နက်ကို စစ်အာဏာရှင်ကို တိုက်ဖို့ မဟုတ်ဘဲနဲ့ တော်လှန်ရေးတပ်သားတွေကို လုပ်ကြံ သတ်ဖြတ်ဖို့အတွက် သုံးတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။ ဒါတွေကို တော်လှန်ရေးအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ကို တိုက်တွန်းချင်ပါတယ်”လို့ ပြောပါတယ်။

ရဲဘော်ညီညီလုပ်ကြံခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိစေဖို့ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က NUG သမ္မတရုံးအပါအဝင် ဝန်ကြီးဌာန ၃ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုင်ကြားမှုများဆိုင်ရာကော်မတီ၊ မုံရွာခရိုင်ကွပ်ကဲရေးမှူးရုံးဆီကို ဩဂုတ် ၃၀ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈  ရက် ညပိုင်းကလည်း ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာအပြင်ဘက် သုဿန်ကနေ ရွာထဲပြန်ဝင်လာတဲ့ အသက် ၁၆ နှစ်အရွယ် G11 ကျောင်းသား ဗကသများအဖွဲ့ချုပ်ဝင်  ရဲဘော် ကိုမြင့်မြတ်ဦးဟာ လည်ပင်းလှီး သတ်ဖြတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013