DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သား ၃ ယောက် ပစ်သတ်ခံရသည့် ဖြစ်စဉ်အပေါ် ထိုင်းအရပ်ဘက်အဖွဲ့များ ထောက်ပြ
မြတ်သဇင်
·
June 30, 2026
Photo:  Khaosod
Photo: Khaosod
Donate to DVB

ထိုင်းနိုင်ငံ၊ ချာချိုးဆောင်းခရိုင်မှာ ဇွန် ၂၇ ရက်က ဆူညံသံအခြေခံတဲ့ အငြင်းပွားမှုကနေ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရမှုဟာ ထိုင်းနဲ့ မြန်မာ လူမှုအသိုင်းအဝိုင်း ၂ ခုစလုံးဟာ တယောက်ကိုတယောက် နားလည်ဖို့ မကြိုးစားကြဘဲ သီးသန့်နေထိုင်ကြတာကြောင့် ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

ဖနွန်ဆာရာခမ်မြို့နယ်၊ ဘန်နောင်နမ်ဒမ်ရွာမှာ ဇွန် ၂၇ ရက်က မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စု တချို့ဟာ အရက်သောက်ပြီး သီချင်းသံအကျယ်ကြီး ဖွင့်နေတာကြောင့် ထိုင်းလူမျိုး ရွာကင်းစောင့် စေတနာ့ဝန်ထမ်းနဲ့ သူငယ်ချင်းဖြစ်သူတို့က သွားရောက်သတိပေးခဲ့ရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ထိုင်းလူမျိုးတယောက် ဓားဒဏ်ရာပြင်းထန်စွာရရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အလားတူ အမှုတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လတုန်းက ထိုင်းနိုင်ငံက ဆေးရုံတခုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတယောက် ဆေးရုံခုတင်မှာ ဂိမ်းကို အသံဆူညံစွာ ဆော့ကစားလို့ဆိုပြီး ဘေးခုတင်မှာ ဆေးရုံတက်နေရသူ ဖခင်တယောက်ဟာ သားဖြစ်သူကို ဆူညံသံကြောင့် အိပ်မရဘူးလို့ ပြောခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်ပြီး သားဖြစ်သူဟာ မြန်မာရွှေ့ပြောင်းလုပ်သားကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ထိုင်းလူမျိုးတွေဟာ ဆူညံသံကို မကြိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြသူတွေမို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဒီအပေါ် နားလည်ထားဖို့ လိုတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူ ဦးမိုးကြိုးက ဆိုပါတယ်။

“ထိုင်းနိုင်ငံသားတွေရဲ့ သဘောသဘာဝက အေးအေးဆေးဆေးနဲ့ နေတတ်ထိုင်တတ်တယ်။ ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်ရင်လည်း အေးအေးဆေးဆေးနဲ့ ရုန်းရင်းဆန်ခတ် ပုံစံမဟုတ်ဘဲနဲ့ အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေး တိုင်တိုင်ပင်ပင်နဲ့ ဆွေးနွေးတတ်တဲ့ သဘောသဘာဝကို ထိုင်းမှာ အနေကြာတဲ့သူ တော်တော်များများ သိတယ်။ အဲဒီတော့ အနေမကြာသေးလို့ မနေ့တနေ့က ရောက်ရင်လည်း အဲဒီသဘောသဘာဝကို သိထားအောင် ကိုယ်က ထိုင်းတွေ အေးအေးဆေးဆေး ကြိုက်တယ်ဆိုရင် ညဉ့်နက်သန်းခေါင်မှာ ကက်ဆက်တွေ၊ ဆောင်းဘောက်တွေ၊ တီဗွီတွေ အကျယ်ကြီးဖွင့်ထား၊ ကာရာအိုကေတွေ အကျယ်ကြီးဖွင့်ပြီးတော့ မူးယစ်သောက်စား အော်ဟစ် ဆူပူသောင်းကျန်းတာမျိုးကို မလုပ်ကြဖို့ အထူးသတိပြုရမယ်။ ပြီးတော့တခါ ထိုင်းနဲ့ မြန်မာ အငြင်းပွားပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်လာရင်လည်း ကိုယ်က ဧည့်သည်ဖြစ်တဲ့အတွက် ကိုယ်ကစပြီးတော့ အကြမ်းဖက်တာမျိုး၊ ဓားလှံ၊ လက်နက်၊ လှံများ၊ ဓား၊ လက်နက်တွေနဲ့ ဆွဲကိုင်ပြီးတော့ အကြမ်းဖက်တာမျိုး မဖြစ်ဘဲနဲ့ သူတို့ အကြမ်းဖက်ခဲ့ရင်လည်း လိုအပ်တဲ့ မှတ်တမ်းပုံတွေ ဘာတွေ ယူထားပြီး ကိုယ့်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို တင်ပြရမယ်။”

ဒါ့အပြင် အပြင်သွားလာတိုင်းမှာ မိမိရဲ့ အထောက်အထား စာရွက်တွေကိုလည်း ကိုယ်နဲ့မကွာ ယူသွားကြဖို့ လိုအပ်သလို ပြဿနာတခုခု၊ အငြင်းပွားမှုတခုခု ဖြစ်လာပါက မိမိဟာ ဧည့်သည်ဖြစ်တဲ့အတွက် ခိုက်ရန်ဖြစ်ပွားခြင်းမပြုဘဲ နစ်နာဆုံးရှုံးတယ် ဆိုတာကို ဥပဒေဘောင်ထဲကနေ သက်သေတွေနဲ့တကွ ဖြေရှင်းကြဖို့ အထူးသတိထားသင့်ကြောင်းကိုလည်း ဦးမိုးကြိုးက သတိပေးပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ ကတော့ ဒီလိုဖြစ်စဉ်တွေ ဖြစ်ရတာဟာ ထိုင်းနဲ့ မြန်မာ လူမှုအသိုင်းအဝိုင်း ၂ ခုစလုံးဟာ တယောက်ကိုတယောက် နားလည်ဖို့ မကြိုးစားကြဘဲ သီးသန့်နေထိုင်နေကြတာကြောင့်လို့ ဆိုပါတယ်။

ချင်းရိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအကူအညီပေးရေးစင်တာ တည်ထောင်သူ စစ်ဆုကွန် ကစ်နုကွန်းက “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအသိုက်အဝန်းနဲ့ ကင်းကွာပြီး သီးသန့်နေကြတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ထိုင်းအသိုက်အဝန်းကလည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကင်းကွာအောင် သီးသန့်ခွဲနေကြတာပါပဲ။ နောက်ပြီး ထိုင်းလူမျိုးတွေက သူတို့ရဲ့ ဒေသတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ အများကြီး လာနေထိုင်၊ အလုပ်လုပ်ကိုင်နေကြတာကို မြင်တွေ့နေရပေမဲ့လည်း ရွှေ့ပြောင်းလုပ်သားတွေနဲ့ အဆက်အသွယ် မလုပ်ကြသလို သူတို့ကို သိဖို့၊ နားလည်ဖို့၊ စကားပြောဖို့လည်း ဆန္ဒမရှိကြပါဘူး။ ဒါက ဘာဖြစ်စေလဲဆိုတော့ ကျနော် ပြောရရင် ဒါဟာ အားနည်းချက်ပါပဲ” လို့ ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး လုပ်အားကိုသာ အသုံးချဖို့ အာရုံစိုက်နေပေမဲ့ လက်တွေ့မှာတော့ ပေါင်းစည်းရေးမူဝါဒ (Integration Policy) လည်း မရှိပြန်ဘူးလို့ သူက ထောက်ပြပါတယ်။

ချင်းရိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအကူအညီပေးရေးစင်တာ တည်ထောင်သူ စစ်ဆုကွန် ကစ်နုကွန်းက “ပေါင်းစည်းရေးမူဝါဒဆိုတာ ဘာလဲဆိုတော့ ရွှေ့ပြောင်းလုပ်သား ဒါမှမဟုတ် ပြောင်းရွှေ့အခြေချသူတွေကို လက်ခံတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်းထဲကို ဝင်ဆံ့ ပေါင်းစည်းနိုင်အောင် ကြိုးပမ်းပေးတဲ့ မူဝါဒမျိုးပါ။ ဒါဟာ ထိုင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေကြားက ပဋိပက္ခတခုလုံးရဲ့ အဓိကဇာစ်မြစ်လို့ ကျနော် ထင်ပါတယ်။ မြန်မာလုပ်သားတွေနဲ့ ထိုင်းအသိုက်အဝန်းကြားမှာတင် မဟုတ်ဘဲ ကမ္ဘောဒီးယားတွေနဲ့ပါ အကျုံးဝင်ပါတယ်။ ပြီးတော့ သေချာတာပေါ့၊ နိုင်ငံခြားသားမုန်းတီးရေးရဲ့ သက်ရောက်မှုကိုလည်း ကျနော်တို့ စဉ်းစားဖို့လိုပါတယ်။ အခုလို ပဋိပက္ခ ဒါမှမဟုတ် အကြမ်းဖက်မှုတွေအတွက်လည်း ဒါက အကြောင်းရင်းပါပဲ။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့၊ မြန်မာရွှေ့ပြောင်းလုပ်သား အဖွဲ့အစည်းတွေအနေနဲ့ ဒေသအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ အလွှာပေါင်းစုံက ထိုင်းအသိုက်အဝန်းနဲ့ ပိုပြီးတော့၊ ပိုပြီးတော့ကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းလာသူတွေကိုလည်း ထိုင်းလူမှုအသိုက်အဝန်းနဲ့ ပေါင်းစည်းညီညွတ်ရေးအတွက် ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အမြဲကြိုးစား လုပ်ဆောင်နေကြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ၊ မူဝါဒ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိုင်းရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့တွေကို နားလည်ထားဖို့ လိုအပ်သလို ဒါဟာ ထိုင်းလူ့အဖွဲ့အစည်းကို နားလည်ဖို့ ပထမဆုံးအချက် ဖြစ်တယ်လို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013