
ထိုင်းအရှေ့တောင်ပိုင်း ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ငါးဖမ်းစက်လှေပေါ် ပါသွားသူ ၂၂ ယောက် အနက် ၁၅ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၃ လောင်းတွေ့ရှိကာ ၄ ယောက် ပျောက်ဆုံးနေဆဲလို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
ချွန်းပူးရီးခရိုင်၊ ဆတ်တဟိပ်မြို့နယ်ရှိ ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက် ညက လှိုင်းကြီးလေထန်ပြီး ဆော်ကန်ကျနာဝါရီ ၈၈၈ အမည်ရှိ ထိုင်းငါးဖမ်းလှေတစင်း နစ်မြုပ်သွားခဲ့တာ ဖြစ်ပြီး လှေပေါ်ပါသွားသူ ၂၂ ယောက်အနက် ထိုင်းနိုင်ငံသား ၂ ယောက်သာ ပါရှိပြီး ကျန်တဲ့ အယောက် ၂၀ လုံးမှာ မြန်မာရေလုပ်သားတွေလို့ ဆိုပါတယ်။
စက်တာဘာ ၂၂ ရက် ညပိုင်း အမည်စာရင်းတွေ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသား ၂ ယောက်မှာ လှေဦးစီးဖြစ်သူ နိုင်းဝိချန်းမာ့အိန်း (၄၅ နှစ်/သေဆုံး) နဲ့ စက်ပြင်ဆရာ နိုင်းကျကရစ် ဆုခ်ဖုန်း (၃၂ နှစ်) တို့ ဖြစ်ပါတယ်။
မြန်မာရေလုပ်သား အယောက် ၂၀ အနက် ကနဦး ပျောက်ဆုံးသူ ၆ ယောက်ကတော့ စိုးလတ် (၃၈ နှစ်)၊ စန်းထိုက် (၄၇ နှစ်)၊ နိုင်ဦး (၄၅ နှစ်) ၊ ထွန်းလွင် (၂၂ နှစ်)၊ ခင်မောင်အေး (၄၇ နှစ်) နဲ့ နိုင်ရီဇင် (၂၂ နှစ်) တို့ဖြစ်ကြပါတယ်။
အဲဒီထဲက နိုင်ရီဇင် ဆိုသူကို ကယ်ဆယ်ရေးအဖွဲ့တွေက ၂၂ ရက် ညနေ ၃ နာရီ ကျော်က ပင်လယ် ထဲမျောနေစဉ် အသက်ရှင်လျက် ပြန်တွေ့တယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။
မြှုပ်သွားတဲ့ ငါးဖမ်းလှေထဲမှာ အလောင်း ၃ လောင်း တွေ့ရှိပြီး လှေဦးစီး နိုင်းဝိချန်းရဲ့ အလောင်းကိုသာ ကုန်းပေါ်သယ်ယူနိုင်ခဲ့တယ်၊ ကျန်တဲ့ ၂ လောင်းမှာ လှိုင်းလေထန်နေလို့ ထုတ်ယူလို့ မရသေးဘူး၊ ဘယ်သူဘယ်ဝါတွေဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
အသက်ရှင်လျက် ကယ်ဆယ်နိုင်သူတွေကတော့ နိုင်စိုး၊ ထွေးကိုခိုင်၊ မျိုးမျိုး၊ တင်လေး၊ ဇော်ထက်၊ ဇင်မင်းထွန်း၊ ခင်မောင်သော်၊ ရဲမြင့်စံ၊ ဘိုလင်းထွန်း၊ မြင့်ကို၊ စိုင်းမင်း၊ ကျော်မြင့်လွင်၊ ကောင်းခန့်နိုင်နဲ့ လှိုင်လွင်တို့ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၃ ရက် နောက်ဆက်တွဲသတင်းမှာ သေဆုံးသူ ၃ ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၄ ယောက် ရှိနေဆဲ ဖြစ်တယ်။ ပျောက်ဆုံးနေသူတွေကို ထိုင်းရေတပ်မတော် အမှတ် ၁ မှ ကယ်ဆယ်ရေးအဖွဲ့အပါအဝင် ရေငုပ်ကျွမ်းကျင်တပ်ဖွဲ့တွေက လိုက်လံရှာဖွေနေပြီး အနီးနားရှိ ငါးဖမ်းလှေတွေကလည်း နစ်မြုပ်ငါးဖမ်းလှေတဝိုက်မှာ တညလုံး မီးမောင်းထိုးပေးနေခဲ့တယ်၊ ဒါ့အပြင် ထိုင်းရေတပ်မတော်က စေလွှတ်တဲ့ ရဟတ်ယာဉ်ကလည်း ဝေဟင်ကနေ လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာဟာ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၆ ဒသမ ၉၃ မိနစ် နဲ့ အရှေ့လောင်ဂျီတွဒ် ၁၀၀ ဒီဂရီ ၅၀ ဒသမ ၃၀ မိနစ်မှာ တည်ရှိပြီး ခေါက်လမ်ပူးချောင် တောင်ထိပ်ကနေ ရေမိုင် ၄၀ အကွာမှာ တည်ရှိတယ်လို့ ဆိုပါတယ်။
Source: The Nation TV / FM91 Trafficpro / MGROnline











