
ထိုင်းနိုင်ငံမှာ လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားတဲ့ ဆေးခြောက်ဈေးကွက်ကို ထိုင်းအစိုးရက ဆေးဘက်ဆိုင်ရာသုံးအတွက်သာ ကန့်သတ်ထိန်းချုပ်တော့မှာဖြစ်ပြီး ဥပဒေချိုးဖောက်ပါက ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဆေးဖက်ဆိုင်ရာသုံး မူဘောင်ကို အားဖြည့်ဖို့နဲ့ ဥပဒေဖောက်ဖျက်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ရည်ရွယ်ထားတဲ့ ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကြမ်းကို ထိုင်းဝန်ကြီးအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ အတည်ပြုလိုက်တာပါ။
အဲဒီဥပဒေမူကြမ်းမှာ ဆေးခြောက်လိုင်စင်စနစ်နဲ့ စိုက်ပျိုးမှုကို ထိန်းချုပ်တာ၊ တားမြစ်ကန့်သတ်ချက်တွေ၊ ပြစ်ဒဏ်တွေ ထပ်ပါလာတာပါ။
ဒီမူကြမ်းကို အတည်ပြုနိုင်ခဲ့ရင် ဆေးခြောက်ကို ဆေးညွှန်း ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အထောက်အထား မရှိဘဲနဲ့ အပြင်မှာ အပျော်သဘော သုံးစွဲနေတာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဥပဒေအရ ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်ပြီး စိုက်တဲ့သူတွေအနေနဲ့ကလည်း ဆေးခြောက်စိုက်ခင်း အားလုံးကို အရွယ်အစားနဲ့ တည်နေရာအလိုက် မဖြစ်မနေ မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။
ဒါမှသာ ဆေးခြောက်တွေနဲ့ ဆေးခြောက်အဆီတွေ ဈေးကွက်ထဲကို မရောက်လာခင် ဘယ်နေရာမှာ၊ ဘယ်လို စိုက်ပျိုးခဲ့လဲ ဆိုတာကို အလွယ်တကူ ခြေရာခံ စစ်ဆေးနိုင်မှာဖြစ်ပြီး အရည်အသွေးပိုင်းကိုလည်း အနီးကပ် စောင့်ကြည့် ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ပတ္တနပရုံဖတ်က ပြောပါတယ်။
ဒါပေမဲ့ ဒီဥပဒေမူကြမ်း ထွက်မလာခင်တည်းက ဆေးခြောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ အများစုကို ထိုင်းအစိုးရက သင်တန်းတွေ လာပေးနေတာ ရှိတယ်လို့ ချင်းမိုင် ဆေးခြောက်စိုက်ခင်းမှာ အလုပ်လုပ်နေသူတယောက်က DVB ကို ပြောပါတယ်။
“ပြောရရင် ဆေးခြောက်ရောင်းတယ် ဆိုတာလည်း ထိုင်းက နည်းနည်းပဲဝယ်တာ၊ နိုင်ငံခြားသားက အများဆုံး ဝယ်တယ်။ အဲတော့ ဒီ အလုပ်သမား တော်တော်များများက ကျနော်တို့ မြန်မာတွေ ဖြစ်နေတယ်။ အဲဒီတော့ မြန်မာအလုပ်သမားတွေ အနေနဲ့ ဘာတွေ ထိခိုက်လဲဆိုတော့ Work Permit မရှိတဲ့သူတွေက Work Permit လျှောက်ရတယ်၊ သင်တန်းတွေ တက်ရတယ်။ အဲဒါတွေ ပြီးသွားလို့ ဒီအလုပ်က လုပ်လို့ရပါ့မလား ဆိုတဲ့ဟာ အာမခံချက်က သိပ်မရှိဘူးဗျ။ ဒါပေမဲ့ Certificate ရှိထားရင်တော့ ဒီအလုပ်က လုပ်လို့ရတယ် ဆိုပေမဲ့ ဒီ ရေရှည်မှာ သူတို့ ဒီ ထည့်လာတဲ့ ကျနော်တို့ သိသလောက်တော့ ဒီအလုပ်က ထိုင်းလူမျိုး သီးသန့်ပဲ လုပ်ရမဲ့အလုပ်အနေနဲ့ ကန့်သတ်မယ်လို့တော့ ကြားတယ်ဆိုပေမဲ့ အခုထိတော့ တရားဝင်တော့ မဖြစ်လာသေးဘူး။”
ထိုင်းအစိုးရအနေနဲ့ အသက် ၂၀ အောက် လူငယ်တွေကြားမှာ ဆေးခြောက်သုံးစွဲမှု မြင့်တက်လာတာကို အဓိက ဦးတည်ထိန်းချုပ်ချင်တဲ့အတွက် ဆေးခြောက်ဈေးကွက် တင်းကျပ်လာမှုတွေဟာ လက်တွေ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေရော၊ အလုပ်သမားတွေနဲ့ သုံးစွဲသူတွေအတွက်ပါ စိန်ခေါ်မှုအသစ်တွေ ကြုံရဖို့ရှိနေတယ်လို့ ဆေးခြောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
ဥပဒေမူကြမ်းကို အတည်ပြုပြီးပါက ဆေးခြောက်ဆိုင်တွေအနေနဲ့ သာမန်ဆိုင်ပုံစံမျိုး မဟုတ်တော့ဘဲ ဆေးခန်း (Pharmacy) ပုံစံမျိုး ပြောင်းလဲရတော့မှာဖြစ်ကာ ဆိုင်တိုင်းမှာ ဆေးဝါးကျွမ်းကျင် ဆရာဝန်တယောက် အမြဲရှိနေရမဲ့ အခြေအနေ ရှိပါတယ်။
မြန်မာအလုပ်သမားတွေအနေနဲ့လည်း အွန်လိုင်းမှတဆင့် သက်ဆိုင်ရာ သင်တန်းတွေနဲ့ လက်မှတ်တွေကို မဖြစ်မနေ ရယူရမဲ့ အနေအထား ရှိလာပြီး ဆေးစာမပါဘဲ ဒါမှမဟုတ် တရားမဝင်ဘဲ အပြင်မှာ သုံးစွဲနေရင် ပထမအဆင့် သတိပေးခံရမှာဖြစ်ကာ ဒဏ်ငွေ ဘတ် ၃,၀၀၀ မှ ၅,၀၀၀ အထိ ကျခံရနိုင်ခြေရှိကြောင်းနဲ့ ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အထိပါ ပါဝင်လာမှာလို့ သိရပါတယ်။
ဆေးခြောက်ဆိုင်မှာ အလုပ်လုပ်နေသူတယောက်က “ဒဏ်ငွေက ကျနော်တို့ ကြားသလောက်ကတော့ ပထမဦးဆုံး စပြီး သူတို့ အတည်ပြုတွေက ဒဏ်ငွေ ၅,၀၀၀ လို့ ကြားတယ်။ ထောင်ကတော့ ဟိုဟာပေါ့နော် ဒီ ပမာဏပေါ် မူတည်ပြီးတော့ ထောင်က ၅ နှစ်ကနေ ၁၀ နှစ်အထိ သွားနိုင်တယ်။ ဒါပေမဲ့ အဲဒါကလည်း သူတို့က အဓိက အဲဒီ ၁၀ နှစ်လောက် ၅ နှစ်လောက် ချတဲ့ဟာတွေက Export လုပ်တဲ့ ကောင်တွေကို ချမှာ။ ဒီ သုံးစွဲပမာဏ ဒီတိုင်းသုံးစွဲတဲ့သူ အနေနဲ့ကျတော့ သူတို့က ဥပမာ ထားပါတော့ ဆေးစာမရှိဘဲနဲ့ သောက်တယ်ဆိုရင် မင်း ဘာလို့ ဆေးစာမရှိဘဲ သောက်တာလဲဆိုပြီး ဒီကောင်တွေ ပြဿနာရှာမှာဗျာ။ First time အနေနဲ့ Warning ပေးမယ်၊ ပြီးတော့ ဒဏ်ငွေရိုက်ရင်လည်း အများကြီး မဟုတ်ပါဘူး၊ ဘတ် ၃,၀၀၀-၅,၀၀၀ လောက်တော့ ရိုက်မယ် ထင်တာပဲ။ အဲလောက်ရိုက်မယ်။ ပြီးတဲ့အခါကျတော့ သူ ဆေးစာမရှိဘဲနဲ့ ဘယ်ဆေးခြောက်ဆိုင်က မင်းကို ဆေးခြောက်ရောင်းလိုက်လဲ ဆိုတာကို သူတို့ လိုက်ပြီး စုံစမ်းမယ်ဗျာ။ ပြီးရင် အဲဒီဆိုင်ကိုလည်း သူတို့ ဒဏ်ငွေရိုက်တာတို့ Warning ပေးတာတို့ လုပ်မယ်။ အဲဒီလိုမျိုး အဆင့် အဆင့်လိုက် အကုန်သွားမှာဗျာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးအဖွဲ့ရဲ့ အတည်ပြုချက်သာ ဖြစ်သေးပြီး ဥပဒေအဖြစ် အပြီးသတ် မပြဋ္ဌာန်းရသေးပါဘူး။ ဥပဒေကြမ်းအဆင့်မှာသာ ရှိနေသေးပြီး လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ကျန်ရှိနေသေးတဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့ အွန်လိုင်းသင်တန်းတွေ လုပ်ငန်းခွင်ဆိုင်ရာ လက်မှတ် (Certificate) တွေကို အချိန်မီ ရယူထားကြဖို့ ဒီကာလမှာ လိုအပ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအချင်းချင်း သတိပေး နှိုးဆော်ထားပါတယ်။











