DVB Logo
Home
မြန်မာသတင်း
Dawei Watch  သတင်းသမား ၂ ဦး နှစ်ရှည်ထောင်ဒဏ်ကျခံရသည့်အပေါ် CPJ ရှုတ်ချ၊ အမြန်  ပြန်လွှတ်ရန် တောင်းဆို
DVB
·
August 29, 2024
Dawei Watch  သတင်းသမား ၂ ဦး နှစ်ရှည်ထောင်ဒဏ်ကျခံရသည့်အပေါ် CPJ ရှုတ်ချ၊ အမြန်  ပြန်လွှတ်ရန် တောင်းဆို
Donate to DVB

Dawei Watch သတင်းဌာနရဲ့ သတင်းသမား ၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် နယူးယောက် အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ (CPJ) က ရှုတ်ချလိုက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Dawei Watch သတင်းဌာနက ထုတ်ပြန်ချက်မှာတော့ သတင်းသမား ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ညသန်းခေါင်မှာ  အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ခုံရုံးရဲ့ တိတ်တဆိတ် တရားစီရင်မှုနဲ့ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ စီ အသီးသီး ပြစ်ဒဏ်ချမှတ် လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းသမား ၂ ယောက်ကို ခုလိုထောင်ဒဏ်ချမှတ်ရတဲ့ အကြောင်းရင်းနဲ့ ပုဒ်မ အ သေးစိတ်တွေကိုလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိသလို ဘယ်လိုလုပ်ငန်းစဉ်နဲ့ တရားစီ ရင်ခဲ့တယ်ဆိုတာကိုလည်း မေးမြန်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

CPJ  ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ္စပင်က အကြမ်းဖက် စွဲချက်တွေနဲ့ သတင်းထောက် ၂ ယောက်ကို ချမှတ်လိုက်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေဟာ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီလို အစွန်းရောက်တရားရုံး စီရင်ချက်မျိုးတွေဟာ သတင်းထောက်တွေကြား အကြောက်တရား တွေ တိုးလာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဆီလည်း သက်ရောက်စေမှာ ဖြစ်ပါတယ်”

Dawei Watch သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုအောင်ဆန်းဦးကို ခန့်မှန်းခြေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ အမိန့်ချခဲ့တာဖြစ်ပြီး ကိုမျိုးမြင့်ဦးကိုတော့ ခန့်မှန်းခြေ မေ ၁၅ ရက်တုန်းက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ၄ ရက်ကြာ ရိုက်နှက် စစ်ဆေးခံခဲ့ရပြီး  မြိတ်အကျဉ်းထောင်ကိုပို့ဆောင်ခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရပေမဲ့   ဥပဒေနဲ့အညီ ခုခံချေပခွင့်လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။

Dawei Watch သတင်းဌာန အယ်ဒီတာချုပ်ကိုကျော်က “သူတို့(စကစ)က သတင်းသမားနှစ်ယောက်ကို လာဖမ်းတာက သတင်းကိစ္စနဲ့လာဖမ်းတယ်။ သတင်းရေးသားတဲ့ နေရာမှာ သုံးတဲ့ဖုန်းတွေ၊ ကွန်ပျူတာတွေရော သူတို့သိမ်းဆည်းသွားတယ်။ သူတို့ဖမ်းသွားပြီးတဲ့နောက် သူတို့ တပ်ချင်တဲ့ ပုဒ်မတပ်တယ်။ စစ်ဆေးတဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ ဖမ်းဆီးသွားပြီးတဲ့နောက်မှာ သူတို့ကိုဆက်သွယ်ခွင့်လည်းမရသလို ဆက်သွယ်ခွင့်လည်းမပြုခဲ့ဘူး။ အပြင်းထန်ဆုံးပြစ်ဒဏ်တွေကို သူတို့သဘောနဲ့ သူတို့ စိတ်ကြိုက်သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ စစ်ကောင်စီက သတင်းသမားတွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့အပြင် တရားစီရင်တဲ့နေရာမှာလည်း ဥပဒေမဲ့ပြစ်ဒဏ်တွေချနေတယ်”လို့ ပြောပါတယ်။ 

ဩဂုတ် ၂၁ ရက်ကလည်း  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ သတင်းသမားတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်စဉ် DVB CJ သတင်းထောက် တယောက်နဲ့ အလွတ်တန်း သတင်းထောက်တယောက်တို့ သေဆုံးခဲ့ပါသေးတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာရှိနေပြီး တရုတ်နိုင်ငံ ပြီးရင် ဒုတိယမြောက် သတင်းသမားတွေကို မတရား ဖမ်းဆီးထောင်ချမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှု ကြောင့် အသက်သေဆုံးခဲ့ရတဲ့ သတင်းသမား ၇ ယောက်အထိ ရှိသွားပြီဖြစ်သလို လတ်တလော အချိန်ထိ သတင်းသမား ၆၂ ဦး အကျဉ်းကျခံနေကြရတာ ဖြစ်ပါတယ်။

Photo: Dawei Watch

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013