DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်နှင့်လောင်းလုံးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား  ၂၀ ကျော်သေဆုံး
DVB
·
August 29, 2024
ပျော်ဘွယ်နှင့်လောင်းလုံးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား  ၂၀ ကျော်သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “သူတို့ အင်အား ၅၀ လောက်ပါတဲ့ တပ်မ ၉၉ က ပေပင်ရှည်ရွာမှာတပ်စွဲပြီး အနီးအနားပတ်၀န်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ကောင်တွေကို ဘိုကုန်းရွာနားမှာ ၂ ရက်ဆက်တိုက် လမ်းကနေ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဩဂုတ် ၂၃ ရက်က ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာမှာတပ်စွဲပြီး ပတ်၀န်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့​တာလို့ ဆိုပါတယ်။

“ပထမနေ့မိုင်းဆွဲတုန်းကတော့ ၁၇ ကောင် သေတယ်။ နောက်ရက်မှာတော့ ၃ ကောင်ထပ်သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း မနည်းဘူးရှိတယ်။ လက်နက်တွေ ဘာတွေတော့ မရလိုက်ဘူး။ ကျနော်တို့ဘက်ကတော့ ဘယ်ရဲဘော်မှ ဘာမှမဖြစ်ကြပါဘူး” လို့ ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ကြောင်းမှူးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ညီနောင် ၄ ဖွဲ့ဖြစ်ကြတဲ့ ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာစည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပျော်ဘွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ဒေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လမ်းကင်းလုံခြုံရေးပေးဖို့ ထွက်လာတဲ့ ခလရ ၁၀၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား တွေတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော် (BHA) က ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၈ ရက်နေ့ မနက် ၇ နာရီ ၃၇ မိနစ်လောက်က ကမြောကင်းကျေးရွာအုပ်စု၊  သောကြာပြင်ကျေးရွာနဲ့ ခလရ ၁၀၄ တပ်ရင်းကြားက လမ်းပိုင်းမှာ ကျောင်းကား အသွားအပြန်အတွက် လမ်းကင်းလုံခြုံရေးပေးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေအား ဗထူးတပ်မတော်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု အချိန် ၃ မိနစ်ခန့်ပဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာက ကမြောကင်း အထကကျောင်း နဲ့ မိုင် ၁၅၀ အကွာမှာ ရှိပြီး အခင်းဖြစ်ချိန်တုန်းက ကျောင်းကားအသွားအလာနဲ့ အရပ်သားပြည်သူတွေလည်း ရှိမနေဘူးလို့ ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“ပစ်ခတ်မှုအတွင်းမှတော့ အသွားအလာမရှိဘူးဗျာ။ သူတို့က ကျောင်းကားမလာခင် ကင်းအရင် လာယူကြတာဆိုတော့ သူတို့သေတာက လွဲပြီး တခြားဘယ်သူမှ မထိခိုက်သွားပါဘူး။” 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး MA-1 သေနတ်တလက်၊ MA-2 သေနတ်တလက်၊ ၅.၅၆ ကျည်တောင့် ၃၇၀၊ ကျည်ဘောက် ၈ ခု၊ ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၃ လုံး၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးဖြစ်ပြီးနောက် အခင်းဖြစ်တဲ့နေရာအနီးတဝိုက်မှာရှိတဲ့ ရွာတွေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေ အသွားအလာ သတိရှိဖို့နဲ့ ပြည်သူ့ကာကွယ်ရေးဘက်က အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ကိုလည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013