DVB Logo
Home
မြန်မာသတင်း
မောင်ရွှေလေးရေတပ်ကို  AA  သိမ်းပိုက်
DVB
·
August 29, 2024
မောင်ရွှေလေးရေတပ်ကို  AA  သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် (AA) က သြဂုတ် ၂၈ ရက်မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်တွေ ပထမဆုံးသိမ်းပိုက်ခံရတဲ့ ရေတပ်ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ AA တပ်ဖွဲ့က လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ပြေးသွားတာလို့ သံတွဲမြို့နယ်က စစ်ရေးအခြေအနေကို သိရှိသူတဦးက ပြောပါတယ်။

“မနေ့ မနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရတယ်။ AA က ၂၇ နဲ့ ၂၈ ရက်နေ့ နှစ်ရက်မှာ လက်နက်ကြီးနဲ့ရော့ ဒုံးတိုက်ဒုံးတွေနဲ့ပါ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ဗိုလ်မှူး တဦးအပါဝင် အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးမှု ရှိလာတာကြောင့် ကျန်တဲ့ စစ်သားတွေဟာလည်း သင်္ဘောတွေနဲ့ ဆုတ်ခွာပြေးသွားကြတာလို့ သိရတယ်။”

လက်ရှိမှာ မောင်ရွှေလေးရေတပ်က သိမ်းဆည်းရမိတဲ့  လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို အတိအကျ မပြောနိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ AA တပ်ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို DVB ကမေးမြန်းပေမဲ့ ဩဂုတ် ၂၉ ရက်အထိ ပြန်ဖြေတာမရှိသေးသလို ထုတ်ပြန်တာလည်းမရှိသေးပါဘူး။

ဒါပေမဲ့ မောင်ရွှေလေးရေတပ်နဲ့ ကျိန္တလီမြို့နားကရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က စစ်သင်္ဘော ၈ စီးနဲ့ လက်နက်၊ လူအင်အားတွေဖြည့်တင်း၊ ပစ်ခတ်မှုတွေလုပ်နေကြောင်း ဩဂုတ် ၂၆ ရက်မှာ AA က ထုတ်ပြန်ထားပါတယ်။

မောင်ရွှေလေးရေတပ်နားမှာ မော်ရုံ၊ မော်ရှည်၊ ကျီးကန်းရဲ၊ အထဲကွင်း၊ သဗြုချိုင်၊ မောင်ရွှေလေးရွာ အပါအဝင် ကျေးရွာ ၇ အုပ်စုရှိပြီး ပိတ်မိနေသူတွေလည်းရှိသေးကြောင်း သံတွဲဒေသခံ ပရဟိတအဖွဲ့ဝင် တယောက်က ပြောပါတယ်။

“ မနေ့ကညနေ ကျနော်မေးတယ်။ မေးတော့ သူတို့လည်း အဲဘက်ကို ဖြတ်သန်းသွားလာခွင့်မရတော့ သိမ်းပြီး၊ မပြီးက မသိသေးဘူးတဲ့။ ဒါပေမဲ့ လေယာဉ်သံတော့ တိမ်း (အသံငြိမ်) သွားပြီးတဲ့။ ကျနော်လည်း သိချင်နေတာ အဲတာကို။ သိချင်တယ်ဆိုတာ ကယ်ဆယ်ရေးဝင်ရမှာ အဲဒီမှာ ရွာသားတွေပိတ်ခံရတာရှိတယ်။ ကျနော်တို့က တိုက်ပွဲမဖြစ်ခင်ကယ်ထုတ်လိုက်တာတွေတော့ရှိတယ်။ နောက်ပိုင်း တိုက်ပွဲဖြစ်တဲ့အခါကြတော့ လမ်းတွေ၊ တံတားတွေချိုးလိုက်ပြီးတော့ တိုက်ပွဲပြင်းထန်တာ၊ အဲဒီထဲမှာပိတ်မိသွားတာ အများကြီးရှိတယ်။ အနည်းဆုံး လူဦးရေ ၂၀၀၀ ကတော့ အနိမ့်ဆုံး ရှိမယ် အဲထဲမှာ။”

အဲဒီနေရာတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအကုန်ပြတ်တောက်နေတဲ့အပြင် သာမန်အရပ်သားတွေသွားလားဖို့ အန္တရာယ်ရှိတာကြောင့် အခြေအနေအသေးစိတ်ကို မရသေးကြောင်း သူကဆိုပါတယ်။

မောင်ရွှေလေးတပ်ဟာ ရေတပ်သားတွေကို မွေးထုတ်ပေးတဲ့နေရာဖြစ်တဲ့အပြင် ကြည်းတပ်နဲ့ လေတပ်သားတွေပါ ဒိုင်ဗင်သင်တန်းလာတက်ရတဲ့ ရေတပ်ပင်မ၊ ရေတပ်နဲ့ ဆယ်ယူရေးတပ်ဖြစ်ပြီး စစ်ရေယာဉ် ၂ စီးကိုပါ AA ရထားတယ်လို့ သတင်းကြားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
“ စစ်ရေယာဉ် ၂ စီးရထားတယ်ဆိုတာမျိုးတော့ ကျနော်တို့ ရေတပ် သတင်းရင်းမြစ်တွေဆီက ကြားရတာရှိပါတယ်။ ဒါ ပထမဦးဆုံး ရေတပ်စခန်း ဌာနချုပ်ကြီး တခုပေါ့နော် အဆင့်တူ သင်တန်းကျောင်းကြီးတခုကို သိမ်းပိုက်ထားနိုင်လိုက်တယ်။ ပြီးတော့ ဒီရေတပ် မရှိဘူးဆိုရင် သံတွဲတမြို့လုံး AA တို့ ထိန်းချုပ်လိုက်နိုင်ပြီလို့ ပြောရမှာဖြစ်ပါတယ်ခင်ဗျ။”

ရခိုင်မှာအဓိကအနေနဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်က (ကျောက်ဖြူ)၊ မာန်အောင်မှာတော့ စစ်ရေယာဉ်စုနဲ့ သံတွဲမှာ မောင်ရွှေလေးရေတပ် တို့ရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
AA အနေနဲ့ကတော့ နေရာတခုကို အလုံးစုံထိန်းချုပ်နိုင်မှ ကြေညာချက်ထုတ်တာဖြစ်လို့ တချို့နေရာတွေမှာ တိုက်ပွဲမပြီးဘဲ ကျန်နေသေးတာလည်းဖြစ်နိုင်တယ်လို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
“တချို့နေရာတွေကျပြီး‌တော့ တချို့နေရာမှာ ခံတိုက်နေတာလည်းရှိတယ်။ ရှိမှာပေါ့။ ပြီး‌တော့ သူတို့ ရှောင်ပြေးပြေးတဲ့နေရာမှာ လမ်းခုလပ်မှာလည်း ရောက်ချင်ရောက်နေလိမ့်မယ်။ တိုက်ပွဲတွေ ရှိကောင်းရှိနိုင်မယ်။ ကျနော်တို့ကလည်း အဲဒီနေရာနဲ့ တိုက်ရိုက်ပြောတာ အဆက်အသွယ်ကမရှိဘူးဆို‌တော့ အဲလိုအခြေအနေမျိုးမှာ အာရက္ခတပ်တော်ရဲ့ကြေညာချက်ကိုပဲ အတည်ပြုလို့ရမှာလို့ ကျနော်ထင်တယ်။”

မောင်ရွှေလေးရေတပ်သာကျပြီဆိုရင် AA အနေနဲ့ မောင်တောနဲ့ တောင်ကုတ် ဘက်ကို အပြီးသတ် ထိုးစစ်ဆင်နိုင်ကြောင်းလည်း သူကသုံးသပ်ပါတယ်။

စစ်တွေ၊ ကျောက်ဖြူနဲ့ အမ်းကိုတော့ ထောက်ထားစရာတွေရှိတာကြောင့် အချိန်ယူတိုက်ခိုက်နိုင်ပေမဲ့ ၂၀၂၅ နှစ်လယ်ပိုင်း လောက်ဆိုရင် ရခိုင်ဟာ လွတ်မြောက်ဒေသဖြစ်လာနိုင်တယ်လို့လည်း ဦးဖေသန်းက သုံးသပ်ထားပါတယ်။

သံတွဲမြို့နယ်ရဲ့ နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်က ဇူလိုင် ၂၀ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်း၊ လေကြောင်းတွေနဲ့ အပြင်းအထန်ခုခံခဲ့တာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲမှာ စစ်ကောင်စီက ရေကြောင်းပစ်ကူတွေကို အားထားပြီး တိုက်ခိုက်နေပေမဲ့ အာရက္ခတပ်တော်က စစ်ကောင်စီ ရေတပ်သင်္ဘော ၅ စီးကို နစ်မြုပ်နိုင်ခဲ့သလို နောက်ထပ် ၃ စီးထက် မနည်းတဲ့ စစ်သင်္ဘောတွေကိုလည်း ရေမချနိုင်အောင် ဖျက်ဆီးနိုင်ထားတယ်လို့‌ AA ဘက်က ပြီးခဲ့တဲ့လတွေတုန်းက တိုက်ပွဲထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က ဧပြီ ၁၃ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ကြည်းတပ်တွေနဲ့ သံတွဲမြို့ကို ဇူလိုင် ၁၆ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကျန်မောင်ရွှေလေးရေတပ်ကို သြဂုတ် ၂၈ မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သံတွဲမြို့နဲ့ ထိစပ်နေတဲ့ ဂွမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ ကြား တိုက်ပွဲပြင်းထန်နေကြပြီး စစ်ကောင်စီက ဧရာဝတီဘက် စစ်ကူအင်အားတွေကို ဖြည့်တင်း နေပါတယ်။

အာက္ခရတပ်တော်ဟာ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၀ ခု သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ဆိုရင် စုစုပေါင်း မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013