DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မည့် ကောလာဟလကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ်
DVB
·
August 29, 2024
လေကြောင်းတိုက်ခိုက်မည့် ကောလာဟလကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီသတင်းကြောင့် ဩဂုတ် ၂၇ ရက်က မြို့မှာ ဈေးဆိုင်တွေပိတ်ခဲ့ကြပြီး  တိမ်းရှောင်ကြသူ တချို့ရှိပေမဲ့ ဩဂုတ် ၂၈ ရက်မနက်ပိုင်းမှာတော့ ဆိုင်တချို့လည်း ပြန်ဖွင့်နေပြီလို့ သိရပါတယ်။

မြို့ခံ အမျိုးသားတယောက်က “လူကတော့ တော်တော်လေးကို တဖြည်းဖြည်းနဲ့ ပါးလာတယ်။ အရင်ကဆိုရင် ဈေးထဲမှာ ဈေးရောင်းပေမယ့် အခုဆိုရင် ဈေးအပြင်လမ်းမဘေးလေးတွေမှာ ရောင်းကြတယ်။ ဆီတို့၊ စားသောက်စရာလေးတွေ။ ဘယ်နေ့ လေယာဉ်လာပစ်မလဲ မသိတော့ တချို့ကြတော့လည်း မြို့ပေါ်မှာ သိပ်မနေကြတော့ဘူးပေါ့ဗျာ။ အရင်တခေါက် ပစ်လိုက်တဲ့အခါကြတော့ နောက်ဆက်တွဲ ကောလာဟလတွေရောပါတာပေါ့၊ အစစ အရာရာ အကုန်လုံး စိုးရိမ်ကြတာပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က ထုတ်ပြန်တာမရှိသလို မြို့ထဲမှာ သတိပေးထားတာလည်း မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေ ပိတ်တာအပြင် လားရှိုးဘက်မှာလည်း တိုက်ပွဲဖြစ်ထားတာကြောင့် ကွတ်ခိုင်မှာ ဆက်သွယ်ရေးခက်ခဲနေပြီး ဆန်တအိတ်ကို ၂၀၀,၀၀၀ ဝန်းကျင်၊ စက်သုံးဆီ ပုံးဝါတပုံးကို ၁၈၄,၀၀၀ ကျပ်အထိ ဈေးပေါက်နေကာ ဆေးဝါးတချို့လည်းပြတ်လပ်နေကြောင်း ဆိုပါတယ်။

TNLA က သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဩဂုတ် ၇ ရက်က ဗျူဟာကုန်းနဲ့ ဩဂုတ် ၆ ရက်နေ့မှာ ကွတ်ခိုင်မြို့မဈေးထဲကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရကာ မြို့ဈေးထဲက ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ TNLA  က ထုတ်ပြန်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013