
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်အာဏာရှင်တပ်ဆီ ပြန်ပေးမှာမဟုတ်သလို ဌာနဆိုင်ရာရုံးတွေကိုလည်း ပြန်ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ MNDAA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကွတ်ခိုင်မြို့ကို စစ်အာဏာရှင်တပ်ဆီ ပြန်ပေးမှာဖြစ်ပြီး ဌာနဆိုင်ရာရုံးတွေကိုလည်း ပြန်လည်ပတ်ဖို့ Non-CDM ဝန်ထမ်းတွေ ပြန်ရောက်နေပြီဆိုတဲ့ သတင်းကို MNDAA ဘက်က ငြင်းဆိုပြီး အဲဒီဝန်ထမ်းတွေဟာ သူ့သဘောနဲ့သူ သူ့အိမ်ပြန်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
MNDAA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က “ကျနော်တို့ စစ်တပ်နဲ့ ဘာမှ ညှိနှိုင်းထားတာ မရှိဘူး။ ဒီဘက်က ဝင်လာပါဆိုပြီး စစ်တပ်နဲ့ တရားဝင်ညှိနှိုင်းမှု လုပ်ထားတာ မရှိဘူး။ တချို့ Non တွေက သူ့ဘာသာ အိမ်မှာ ပြန်လာတာမျိုးလားပေါ့။ ကျနော်တို့လည်း လိုက်နေတယ် အဲဒီဟာ သေသေချာချာ သိရအောင်။ ဌာနဆိုင်ရာရုံးတွေ ပြန်ဖွင့်မယ်ဆိုတာလည်း မဟုတ်ဘူး။ ကွတ်ခိုင်မြို့ကို ပြန်ပေးမယ် ဆိုတာလည်း မဟုတ်ဘူး” လို့ DVB ကို ပြောပါတယ်။
ကွတ်ခိုင်မြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ပဋိပက္ခဖြစ်ပြီးနောက်မှာ ကွတ်ခိုင်မြို့ကို MNDAA ဘက်က ထိန်းချုပ်လိုက်တာ ဖြစ်ပြီး MNDAA ရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နေပြီး စာသင်ကျောင်းတွေလည်း ဖွင့်လှစ်တော့မှာလို့ ဆိုပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်က “ကျနော်တို့ရဲ့ ဌာနဆိုင်ရာတွေ အကုန်လုံး လည်ပတ်နေပါတယ်။ ရဲဌာန၊ ကျန်းမာရေးဌာနလည်း ရှိတယ်။ ဆေးရုံတွေဆို ပြန်လည်ပတ်နေပြီ” လို့ ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက)၊ ပညာရေး၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းတချို့ ဝင်ရောက်လာနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။










