
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စစ်မြေပြင်ကနေ စစ်သား ၃ ယောက် ထွက်ပြေးခဲ့ပြီး တယောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် ညနေပိုင်းမှာ သာပေါင်းမြို့နယ်၊ ကမ္ဘာကြီး ရှေ့တန်းစစ်မြေပြင်ကနေ စစ်သား ၃ ယောက် ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးတဲ့ ၃ ယောက်ထဲက တယောက်ကို ဇွန် ၁၁ ရက် မနက်အစောပိုင်းမှာ အသေပစ်သတ် ဖမ်းဆီးခဲ့ပြီး ၂ ယောက်ကတော့ ဖမ်းမမိဘဲ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
စစ်တပ်နီးစပ်သူတယောက်က “ပြေးတာက ၃ ယောက်လို့ သိရတယ်။ လိုက်ရှာရင်း ချုံပုတ်ထဲ ပုန်းနေတဲ့ တယောက်ကို ပစ်သတ်လိုက်တာ။ တခါတည်း ပွဲချင်းပြီး သေသွားတာ။ ၂ ယောက်ကတော့ မမိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ထွက်ပြေးတဲ့ စစ်သား ၃ ယောက်ထဲက ပစ်သတ်ခံရတဲ့ တပ်သားတယောက်ကို သာပေါင်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာ သုသာန်မှာ မြေမြှုပ်ထားခဲ့ပြီး ပစ်သတ်ခံရတဲ့ တပ်သားဟာ စစ်မှုထမ်းတပ်သား ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းတပ်သားသစ် အများအပြားပါတဲ့ စစ်တပ်ဟာ ဇူလိုင်ပထမအပတ်ကစတင်ပြီး ရွာသစ်ကလေး၊ စက်ဒေါင့်ကြီးနဲ့ ကမ္ဘာကြီး စတဲ့ဒေသတွေမှာ စခန်းချတပ်စွဲနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ထွက်ပြေးလို့ ပြန်မိတဲ့ တပ်သားတွေကို ကြိုးတုပ်ရိုက်နှက်တာ၊ နေပူလှန်းတာ၊ အလုပ်အကြမ်းခိုင်းတာ စတဲ့နည်းတွေနဲ့ အပြစ်ပေးနေတဲ့အပြင် အခုလို ပစ်သတ်တဲ့အထိပါ စံပြအနေနဲ့လုပ်လာတာလို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။










