DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် အင်အားဖြည့်တင်း၊ တိုက်ပွဲများဖြစ်ပွားနေ
DVB
·
August 28, 2024
ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် အင်အားဖြည့်တင်း၊ တိုက်ပွဲများဖြစ်ပွားနေ
Donate to DVB


ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဝေဟင်နဲ့ မြေပြင်ကပါ ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ 

ဩဂုတ် ၂၄ ရက်ကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ်နဲ့ ကညွှတ်ကွင်းမြို့နယ်ကြားကို စစ်ကောင်စီရဲ့ ခမရ ၄၃၉၊ ခမရ ၃၅၇ နဲ့ တောင်ငူဘက်က တပ်ရင်းတွေ အင်အားဖြည့်တင်းနေပါတယ်။ 

ဩဂုတ် ၂၄ ရက်နဲ့ ၂၅ ရက်က စစ်ကောင်စီတပ်တွေ နယ်မြေကျော် ဝင်ရောက်လာတာကြောင့်  အင်ကြင်လာနဲ့ စစ်ကုန်းကျေးရွာမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို  စစ်ကြောင်းထိုးလာတာကြောင့် ထိတွေမှုတွေဖြစ် ပွားပြီး လေယာဉ်နဲ့ပါ လာပစ်တယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကြောင်းထိုးလာတာက စစ်တောင်းမြစ်အနောက်ဘက်ကမ်းနဲ့ ဖြူးမြို့နယ် ဒီဘက်ကြားထဲကို စစ်ကြောင်းထိုးလာတာတွေ ရှိတယ်။ ဩဂုတ် ၂၄၊ ၂၅ မှာ ထိတွေ့ပစ်ခတ်မှုတွေရှိတယ်။ ကညွှတ်ကွင်းနဲ့ ဖြူးမြို့နယ်အနားမှာ။ ၂၅ ရက်နေ့က လေယာဉ်တောင် လာပစ်တယ်။ အဲဒီဘက်ဒေသခံတွေ ပြေးတာတွေရှိတယ်။”

ဒ့ါအပြင် ဩဂုတ် ၂၃ ရက်နေ့ ည ၉ နာရီက နတ်သံကွင်းမြို့မှာ တပ်စွဲနေတဲ့ ခမရ ၄၃၉ နဲ့ ခမရ ၃၀၇ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးပင်ပေါက်ကျေးရွာဒေသခံ ၂ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်။ 

စစ်ကောင်စီတပ်က စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို လက်နက်ကြီးနဲ့  နေ့တိုင်းလိုလို နေ့ ည ပစ်ခတ်နေပါတယ်။ 

နှစ်ဖက်တိုက်ပွဲတွင်း စစ်ကောင်စီရဲ့  လေကြောင်းကနေ ဗုံးကြဲတာ၊ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါပြီး ကလေးငယ်နဲ့ လူကြီးတွေပါ ရာသီပေါ်တုပ်ကွေး ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

“စားဖို့လည်း မရှိဘူး ရေရှည်ခံနေရတယ်၊ တော်တော်တော့ မလွယ်ဘူး။ သူတို့ဆိုတာ အလုပ်မရှိတော့ မျှစ်ရှာတယ်၊ မျှစ်ရှာရင် တောနက်ထဲ သူတို့ ဝင်မရဲဘူး။ အဲဒီတယောက်ဆိုရင် တုပ်ကွေးဖြစ်တော့ ဆေးမကုနိုင်ဘူး။ ကျန်းမာရေးမှာ ရာသီတုပ်ကွေးက အများကြီး ဖြစ်နေကြတယ်။”

ဩဂုတ်  ၅ ရက်က  KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅၊  သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းမှာ တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ လက်ရှိ KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီးနောက် တပ်မဟာ ၃ နယ်မြေအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ စစ်တောင်းမြစ်ကမ်းနံဘေးနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် စားသောက်ရေးအပြင် အရေးပေါ်ဆေးဝါး လိုအပ်နေတယ်လို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013