DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်က ပလတ်စတစ်အမှိုက်နှင့် ဆန်လဲလှယ်ပေးသည့် အစီအစဉ်
DVB
·
August 28, 2024
ဖိလစ်ပိုင်က ပလတ်စတစ်အမှိုက်နှင့် ဆန်လဲလှယ်ပေးသည့် အစီအစဉ်
Donate to DVB

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပညာပေးအစီအစဉ်တခုအဖြစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နားမှာ စေတနာ့ဝန်ထမ်းတွေက  ပလတ်စတစ်အမှိုက်တွေကို ဆန်နဲ့ လဲလှယ်ပေးနေပါတယ်။

“ပလတ်စတစ်နဲ့ ဆန်လဲကြမယ်”ဆိုတဲ့ အစီအစဉ်မှာ  မာဘီနီမြို့က နေထိုင်သူတွေ ပါဝင်ဆင်နွှဲကြပြီး ကမ်းခြေက အမှိုက်တွေကောက်ကာ ဆန်နဲ့လဲရတာ ဖြစ်ပါတယ်။

အမှိုက်အလေးချိန်ပေါ် မူတည်ပြီး ဆန် ၁ ကီလိုဂရမ် ရပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်အောင် ကုမ္ပဏီအသေးလေးတွေနဲ့ စေတနာရှင်တွေရဲ့ အလှူငွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာ နှစ်တိုင်း အမှိုက်တွေတိုးပွားလာတဲ့ နေရာတခု ဖြစ်တယ်လို့  စေတနာ့ဝန်ထမ်းအဖွဲ့ ခေါင်းဆောင်  အန်ဒါယာက ပြောပါတယ်။

“ဒီနေရာက တြိဂံသန္တာကျောက်တန်းတွေရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒီနေရာက ကမ္ဘာပေါ်မှာ သက်ရှိမျိုးကွဲတွေအများကြီး စုပေါင်းနေထိုင်တဲ့ အကြီးဆုံးနေရာတခုပါ။ ဒါ့ကြောင့် ဒီဒေသကို ကျနော်တို့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ရမှာပါ။ လိပ်တကောင်ရဲ့ လည်ပင်းမှာ ပလတ်စတစ် စွပ်နေတာ ကျနော် မြင်ဖူးပါတယ်။ ရေသတ္တဝါတွေဟာ ပလတ်စတစ်တွေကို စားကြပါတယ်။ ပလတ်စတစ် သေးသေးလေးတွေလည်း ကျနော်တို့ ပိုပြီး တွေ့လာရတယ်။ အဲဒီ ပလတ်စတစ်အသေးလေးတွေကို ငါးတွေက စားမယ်။ ငါးတွေကို ကျနော်တို့က စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။”

မာဘီနီဟာဟာ ရေငုပ်သမားတွေ အကြိုက် နေရာတနေရာဖြစ်ပြီး တြိဂံသန္တာကျောက်တန်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီနေရာဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံ ထိစပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့သက်ရှိ ရေသတ္တဝါမျိုးကွဲများစွာ နေထိုင်တဲ့ အချက်အချာနေရာပါ။

လုပ်အားပေးတဦးဖြစ်တဲ့ ရာမွန်ဘာဆစ်က “အမှိုက်နဲ့ ဆန်လဲတဲ့ အစီအစဉ်က အများကြီး အထောက်အကူ ဖြစ်ပါတယ်။ အခုဆို လူတွေက အမှိုက်ကောက်ဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အချိန်အားတာနဲ့ သန့်ရှင်းနေအောင်လုပ်ဖို့ သူတို့ကို သူတို့ တွန်းအားတွေဖြစ်နေပါပြီ။ ဆန်ဈေးတွေက ကြီးတော့ ဒီလိုလုပ်ပေးတာက ဒေသခံတွေကို အကျိုးရှိစေပါတယ်။ အမှိုက်ကောက်ပြီးတာနဲ့ သူတို့ တခုခုပြန်ရမယ်ဆိုတာ သိနေတော့ သူတို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်”လို့ပြောပါတယ်။

အန်ဒါယာရဲ့ အဆိုအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက အမှိုက်ရှင်းလင်းရေးလုပ်ငန်းတွေကို စတင်ခဲ့တာဖြစ်ပြီး အမှိုက် ၄၃၀၀ ကီလိုဂရမ်ရထားပြီး ဆန်ကီလို ၂၆၀၀ နဲ့ လဲလှယ်ခဲ့တယ်လို့ သိရပါတယ်။ အမှိုက်နဲ့ ဆန်လဲကြမယ် အစီအစဉ်က အသက် ၄၆ နှစ်အရွယ် အေစီဗီဒိုအတွက်တော့ ကြီးမားတဲ့ အကူအညီ ဖြစ်စေပါတယ်။

ဒေသခံ အေစီဗီဒိုက “တလကို ဆန် ၄ အိတ်ခွဲလောက် ကျမ လိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအစီအစဉ်ရှိလို့ ၁ လကို ၂ အိတ်ပဲ ဝယ်ရတော့တယ်။ ဒါက ငွေချွေတာဖို့ အထောက်အကူ အများကြီးပြုပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်ကိုလည်း အထောက်အပံ့ဖြစ်စေဖို့ ကူညီပေးတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျမတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းစေပါတယ်”လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ပင်လယ်ထဲကို ပလတ်စတစ်စွန့်ပစ်မှု ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ အောက်စဖို့တက္ကသိုလ်ရဲ့ ၂၀၂၂ ခုနှစ် ဧပြီလအထိ အချက်အလက်တွေအရ ဖိလစ်ပိုင်နိုင်ငံရဲ့ အမှိုက်စွန့်ပစ်မှုက ကမ္ဘာ့အမှိုက်စွန့်ပစ်မှုရဲ့ ၃၆ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013