DVB Logo
Home
မြန်မာသတင်း
၂၀၂၅ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်၊ နိုင်ငံကိုယ်စားပြုအစိုးရ ဖြစ်မလာနိုင်ဟု သုံးသပ်
DVB
·
August 28, 2024
၂၀၂၅ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်၊ နိုင်ငံကိုယ်စားပြုအစိုးရ ဖြစ်မလာနိုင်ဟု သုံးသပ်
Donate to DVB

စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို စစ်တပ်ထောက်ခံတဲ့နိုင်ငံရေးပါတီတွေ ဝင်ပြိုင်ကြမှာဖြစ်လို့ ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမယ့် အစိုးရဟာ နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားပြုအစိုးရလို့ ပြောလို့မရဘူးလို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲလုပ်မှာဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့လိုအပ်တာတွေကို ပြင်ဆင်ထားကြဖို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ဩဂုတ် ၂၄ ရက်က  နေပြည်တော်မှာ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်က ပြဋ္ဌာန်းဖို့လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေလည်း အဆင်သင့် ရေးဆွဲပြီးဖြစ်သလို အောက်တိုဘာလထဲမှာ ကောက်ယူမယ့် လူဦးရေနဲ့ သန်းခေါင်စာရင်းအပေါ် အခြေခံပြီး  မဲစာရင်းမှန်ကန်ရေးနဲ့ အီလက်ထရောနစ်နဲ့ မဲပေးမယ့်ကိစ္စတွေကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က နောက်နှစ်နိုဝင်ဘာလထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို ဘယ်စနစ်နဲ့ ကျင်းပမလဲဆိုတာကို နိုင်ငံရေးပါတီတွေနဲ့‌ တွေ့ဆုံချိန်မှာ တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိသလို ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ မဲလာပေးကြမယ့် လူထုရဲ့ လုံခြုံရေးကိုလည်း သေချာမရှင်းပြခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေအရ နယ်မြေ တည်ငြိမ်မှုမရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ မလုပ်ဘဲ တည်ငြိမ်တဲ့နေရာတွေမှာသာ အပိုင်းလိုက် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီ တွေက အဲဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်တာကြောင့် နိုင်ငံရေး အရွေ့တခုကို ဖော်ဆောင်ချင်တဲ့ အာဏာသိမ်းစစ်တပ်အတွက် အောင်မြင်တဲ့ နိုင်ငံရေးထွက်ပေါက် မဖြစ်နိုင်ဘူး လို့ ချင်းတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

လက်ရှိ မြေပြင်အနေအထားအရ တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးအရှိန်မြှင့်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို သိမ်းပိုက်ပြီး အောင်ပွဲတွေ ရရှိထားတာကြောင့် နယ်မြေလုံခြုံမှုအရ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိပေဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စစ်ရေးအင်အား လူထုအခြေပြုလှုပ်ရှားမှုတွေကို အခုထက် ပိုအရှိန်မြှင့်ပြီး နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့လိုတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောပါတယ်။

စစ်ကောင်စီကျင်းမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစု တွေက ထောက်ခံမှာမဟုတ်ဘဲ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးရပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကလည်း အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်သလို ပြည်သူတွေဒုက္ခတွေ ရှည်ကြာစေမှာဖြစ်လို့ အဲဒီရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ ထောက်ခံပံ့ပိုးတာ မလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်မှာ ဩဂုတ် ၂၆ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီ ၄၉ ခုကို မှတ်ပုံတင်ခွင့်ပြုထားပြီး အဲဒီပါတီတွေအားလုံးထဲမှာ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုသာ ရှိပြီး ကျန်ပါတီအားလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ ဖြစ်ပါတယ်။ 

ဒီအထဲမှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ တခုတည်းသာ အင်အား အကောင်းဆုံး ဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအများဆုံး အနိုင်ရရှိခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ စစ်အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013