DVB Logo
Home
နိုင်ငံတကာ
တယ်လီဂရမ် စီအီးအို ဖမ်းဆီးခံရမှု နိုင်ငံရေးရည်ရွယ်ချက်မရှိဟု ပြင်သစ်သမ္မတပြော 
DVB
·
August 27, 2024
တယ်လီဂရမ် စီအီးအို ဖမ်းဆီးခံရမှု နိုင်ငံရေးရည်ရွယ်ချက်မရှိဟု ပြင်သစ်သမ္မတပြော 
Donate to DVB

တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်ကို တည်ထောင်သူ ရုရှားနွယ်ဖွား အမှုဆောင်အရာရှိချုပ် ပေါလ် ဒူရို့ဗ်ကို ဆိုက်ဘာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် ပြင်သစ်မှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေးအကြောင်းရင်း မရှိကြောင်းနဲ့ တရားသူကြီးတွေ အဆုံးအဖြတ်ပဲဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခွန်းက သြဂုတ် ၂၆ ရက် တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

X ပို့စ်မှာ မက်ခွန်းရဲ့ထုတ်ပြန်ချက်ဟာ အဇာဘိုင်ဂျန်မှ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဆင်းသက်လာပြီး မကြာခင်လေးမှာပဲ ပါရီမြို့ အပြင်ဘက်ရှိ လယ်ဘိုးယက်ဇ် လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပြီး ၂ ရက်နီးပါးအကြာမှာ ဒူရို့ဗ် ဖမ်းဆီးခံရခြင်းကို ပထမဆုံး တရားဝင် အတည်ပြုချက် ဖြစ်ပါတယ်။

ပေါလ်ဒူရို့ဗ် အဖမ်းခံရပြီးနောက်မှာ ပြင်သစ်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကိုလည်း တွေ့ခဲ့ရတယ်လို့လည်း မက်ခွန်းက ပြောပါတယ်။

တရားဝင် အတည်ပြုချက် မထုတ်ပြန်ရသေးချိန်မှာ ဒူရို့ဗ် ဖမ်းဆီးခံရခြင်းရဲ့နောက်ကွယ်က အကြောင်းရင်းတွေကို ထင်ကြေးပေးမှုတွေ မြင့်တက်ခဲ့ပါတယ်။

တယ်လီဂရမ်မှာ ဆိုက်ဘာနဲ့ ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် အမျိုးသားဆိုက်ဘာရာဇ၀တ်မှုနဲ့လိမ်လည်မှုဆိုင်ရာ ရုံးဌာနတွေက ဒူရို့ဗ် ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူ့ကို ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးဟာ တရားမ၀င် ရောင်းဝယ်မှုတွေ၊ ကလေးညစ်ညမ်းရုပ်ပြ ဓာတ်ပုံ ဗီဒီယိုတွေ၊ လိမ်လည်မှုနဲ့ အာဏာပိုင်တွေဆီ သတင်းအချက်အလက်တွေ ဆက်သွယ်ပေးဖို့ကို ငြင်းဆိုမှုတွေနဲ့ ပတ်သက်နေတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

ဒူရို့ဗ်ဟာ သူ့ရဲ့VK ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ အတိုက်အခံအသိုင်းအဝိုင်း အကောင့်တွေကို ပိတ်ပစ်ဖို့တောင်းဆိုချက်တွေကို လိုက်နာဖို့ ငြင်းဆိုခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားမှ ထွက်ခွာခဲ့ပြီးနောက်မှာ တယ်လီဂရမ် ကို တည်ထောင်ခဲ့ပါတယ်။ 

အသုံးပြုသူ ၁ ဘီလီယံနီးပါးရှိတဲ့ အပလီကေးရှင်းဟာ အချက်အလက်တွေကို လျှို့ဝှက်ကုဒ်စနစ်နဲ့ ပြောင်းလဲမှတ်တမ်းတင်ထားတာကြောင့် ရုရှား၊ ယူကရိန်းနဲ့ အရင် ဆိုဗီယက်ယူနီယံ သမ္မတနိုင်ငံတွေမှာ အထူးသြဇာညောင်းပါတယ်။  

ရုရှားရဲ့ မာ့ခ်ဇတ်ကာဘာ့ဂ်လို့ တင်စားခံရတဲ့ အသက် ၃၉ နှစ်ရှိ ဘီလီယံနာသူဌေး ပေါလ်ဒူရို့ဗ် ဟာ ပြင်သစ်နဲ့ ယူအေအီး ၂ နိုင်ငံသား ခံယူထားပြီး ဖို့ဘ်စ်ရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၁၅ ဘီလီယံခွဲ ချမ်းသာကြွယ်ဝတယ်လို့ ဆိုပါတယ်။

တချို့အစိုးရတွေက သူ့ကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မက်ဆေ့ချ်ပေးပို့ခြင်း အက်ပ်ဟာ ကြားနေပလပ်ဖောင်းအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ပထဝီဝင်နိုင်ငံရေးထဲကို ပါဝင်ကစားသူ မဟုတ်ဘူး လို့ ဒူရို့ဗ်ဟာ ဧပြီလတုန်းက ပြောခဲ့ဖူးပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013