
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကက္ကူကြီးကျေးရွာမှာ မြေမြှုပ်မိုင်း နင်းမိမှု ကြောင့် အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေ ဆီက သိရပါတယ်။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကလာတဲ့ စစ်ဘေးရှောင်တယောက်ဖြစ်ပြီး မေ ၁၂ ရက် ညနေက လေးမျက်နှာမြို့နယ်၊ ကက္ကူကျေးရွာဘက်ကို ထင်းခွေသွားရင်း မြေမြှုပ်မိုင်း တက်နင်းမိတာကြောင့် ပေါက်ကွဲပြီး သေဆုံးသွားတာလို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “အမျိုးသမီးက တခါတည်း ပွဲချင်းပြီး ဆုံးသွား တာ။ လေးမျက်နှာဘက်ကိုရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသမီးပါ။ ထင်းသွားခွေရင်း ဖြစ်သွားတာလို့ သိရပါတယ်” လို့ ပြောပါတယ်။
သေဆုံးအမျိုးသမီးဟာ တခြားစစ်ဘေးရှောင်တွေနဲ့အတူ လေးမျက်နှာမြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင် လာတာ ၉ လကျော်ကျော်လောက်အထိ ရှိနေပြီဖြစ်ပြီး ထင်းခွေရောင်းချတဲ့ အလုပ်လုပ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီး မိုင်းနင်းမိတဲ့နေရာဟာ စစ်အဏာရှင်တပ်ဖွဲ့တွေ မေလ ပထမအပတ်က နောက်ဆုံး ယာယီစခန်းချခဲ့တဲ့ နေရာတခုဖြစ်ပြီး အရပ်သားတွေ နေ့စဉ် ဖြတ်သန်းသွားလာ နေရတဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရှောင်အမျိုးသမီး မိုင်းနင်းမိတဲ့ ကက္ကူကျေးရွာဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေသတခုဖြစ်ပြီး စစ်အာဏာရှင်က ဒေသမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ချန်ထားခဲ့ရတဲ့ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။










