DVB Logo
Home
မြန်မာသတင်း
ထိုင်းက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ  ဘတ် ၉ သန်းလှူဒါန်း
DVB
·
August 27, 2024
ထိုင်းက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ  ဘတ် ၉ သန်းလှူဒါန်း
Donate to DVB

ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဘတ်ငွေ ၉ သန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကတိကဝတ်ပြုထားတဲ့အတိုင်း မြန်မာအတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ကတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အက်ခ်ဆီရိ ပင်တာရူချီက ထိုင်းအစိုးရကိုယ်စား ဩဂုတ် ၂၆ ရက်မှာ ပေးအပ်လိုက်တာပါ။

မစ္စ အက်ခ်ဆီရိက ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့အတွက် ၂၀၂၁ ခုနှစ်က စတင်ပြီးတော့ အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ (ဘတ် ၁၅ ဒသမ ၇၅ သန်း) ကိုလည်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ အဆိုပါ ရန်ပုံငွေတွေကို ကုလသမဂ္ဂအေဂျင်စီတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တွေလို နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီအကူအညီတွေက သွားလာရခက်ခဲတဲ့ ဒေသတွေဆီ AHA Centre ကနေ ပို့ဆောင် ပေးခြင်းအားဖြင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးလာမယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် ပိုမိုလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပြီး အဲဒီပန်းတိုင်ကို အကောင်အထည်ဖော်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ အသီးသီးနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်။”

AHA Centre ရဲ့ အမှုဆောင်ဒါရိုက်တာ လီယမ်မင်ကလည်း စင်တာအနေနဲ့ မြန်မာ နိုင်ငံပြည်သူတွေအတွက် အကျိုးရှိစေဖို့ အာဆီယံနဲ့ ထိုင်းနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံတဲ့အကြောင်း ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ ကတိကဝတ်ဟာ ပထမအဆင့် ၁ အနေနဲ့ ကိုဗစ်-၁၉  ကပ်ဘေး တုံ့ပြန်ရေးမှာ လက်ငင်း လိုအပ်ချက်တွေအတွက် ပံ့ပိုးပေးမှုတွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရုံသာမက နောက်ထပ် မြန်မာနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် အဆင့် ၂ အတွက် ဆက်လက်ပံ့ပိုးကူညီမှုတွေလည်း လုပ်ဆောင်နေပါတယ်။”

မြန်မာလူထုအတွက် AHA Centre က အကူအညီတွေ ပေးပို့ရာမှာ စစ်ကောင်စီဆီကနေ တဆင့်ပေးပို့တာဖြစ်တဲ့အတွက် အမှန်တကယ် အကူအညီလိုနေတဲ့ ပြည်သူတွေ အကူအညီတွေ မရောက်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆငဲမ်ဖုန်းကတော့ AHA Centre ဟာ မြန်မာနိုင်ငံ အကျပ်အတည်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အခန်းကဏ္ဍတခုအဖြစ် ပါဝင်နေပြီး ဒီအကူအညီဟာ သီးသန့်မဖြစ်ရဘူးလို့ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့်  ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံပေးဖို့နဲ့ ကာကွယ်စောင့်ရှောက် ကူညီပေးဖို့  မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လွယ်ကူ ချောမွေ့စွာ ပို့ဆောင်ပေးဖို့ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် ဆောင်ရွက်တဲ့ နည်းလမ်းတွေအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ အတားအဆီးတွေကို ကျော်လွှားကာ မရှိမဖြစ် လိုအပ်သောအကူအညီတွေ လိုအပ်နေသူတွေထံ တိုက်ရိုက် ပေးပို့နိုင်မယ့် ယန္တရားထူထောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013