DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းတမြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် PDF ဆက်လက်ထိုးစစ်ဆင်
DVB
·
August 27, 2024
သပိတ်ကျင်းတမြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် PDF ဆက်လက်ထိုးစစ်ဆင်
Donate to DVB

မန္တလေးတိုင်းဒေသကြီးထဲက သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ သိမ်းပိုက်လိုက်ပြီးနောက် တမြို့နယ်လုံးကို အပြီးသတ် ထိန်းနိုင်ဖို့ ဆက်လက် ထိုးစစ်ဆင် နေကြောင်း ဆိုပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၉၀ နီးပါးအကွာက သပိတ်ကျင်းမြို့ကို ပြည်သူ့တော်လှန်ရေးတပ်-PDF ပူးပေါင်းတပ်တွေက ဩဂုတ် ၂၅ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက  ဩဂုတ်  ၂၆ ရက်နေ့မှာ ကြေညာပါတယ်။

ကာကွယ်ရေးတပ်တွေက ဩဂုတ် ၁၉ ရက်ကတည်းက မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့ဦးတောင်စေတီဘက်ကို စစ်ကောင်စီတပ်တွေ ဆုတ်ခွာခံစစ်ဆင်တာကြောင့် လိုက်တိုက်ခဲ့ရပြီး အခုချိန်မှာ တမြို့လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်-ပ.က.ဖ တာဝန်ခံက  “ မိုးကုတ်-မန္တလေးလမ်းကတော့ ကျနော်တို့ သွားလို့ လာလို့ရပြီ။ ဒီအတွင်းပိုင်းထဲမှာမှ ကျနော်တို့ မြို့နယ်က တပ်တည်၊ တပ်ထိုင်တွေ တအားများတယ်ပေါ့နော်။ အခု သပိတ်ကျဉ်းမြို့ပေါ် သိမ်းပြီးပြီ။ ဒါပေမဲ့ တမြို့နယ်လုံးတော့ သိမ်းဆည်းထားခြင်းမရှိသေးဘူး။ ၁၃ တပ်ကျန်မယ်၊ သိပ္ပံနဲ့နည်းပညာ တပ်မတော်ပေါ့ ကျောက်ကြီးတပ် ကျန်မယ်၊ ကျန်တော့ ကျန်ပါသေးတယ်ဗျ၊ ကျနော်တို့ တမြို့နယ်လုံး စစ်ကောင်စီ ကင်းစင်သွားတာတော့ မဟုတ်သေးပါဘူး။ တိုက်ပွဲတွေကတော့ အဆင်ပြေသလို အကုန်လုံးကိုသိမ်းယူနေတာ၊ တမြို့နယ်လုံးဆိုကြာလည်း သိပ်ပြီးတော့မှမကြာတော့ လောက်ပါဘူး။ တမြို့နယ်လုံး အပြီးသတ် သိမ်းနိုင်တော့မယ်လို့ ထင်ပါတယ်ဗျ။”

မြို့သိမ်းတိုက်ပွဲအတွင်း သပိတ်ကျင်းမြို့မရဲစခန်း၊ အောင်စကြာဘုရားကုန်းနဲ့ မြို့ကိုအပေါ်စီးမြင်ရတဲ့ မြို့ဦးတောင်ဘုရားတောင်ကုန်းပေါ်ကတပ်တွေကို တိုက်ခိုက်ခဲ့ရတယ်လို့လည်း ပြောတယ်။

တဖက်မှာလည်း မန္တလေး-PDF နဲ့ တပ်ပေါင်းစုတွေဟာ သပိတ်ကျင်းမြို့နဲ့ မိုင် ၄၀ ဝန်းကျင်အကွာက စဉ့်ကူးနဲ့ တကောင်းမြို့တွေကို သိမ်းပိုက်ထားပြီး သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း ၉ ခုကိုလည်း အရင်လကတည်းက သိမ်းပိုက်ရရှိထားတာလို့ သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ “ သပိတ်ကျင်းတို့ စဉ့်ကူးတို့ဆိုတာ တဖက်မှာဆိုရင် စစ်ကိုင်းတိုင်းရှိသလို အရှေ့ဘက်မှာဆိုရင် ရှမ်းကုန်းပြင်မြင့်နယ်မြေရှိပါတယ်။ ဒီနေရာနှစ်ခုကို ဆက်စပ်ထားတဲ့အတွက် မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဒေသလို့ပြောလို့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေကို စနစ်တကျ စီမံခန့်ခွဲသွားပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။”

ဒါအပြင် တိုက်ပွဲထဲ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူအပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်တွေမှာ ရေးပါတယ်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှုတွေကို စာရင်းမပြုစုရသေးပေမဲ့ ဩဂုတ်လ ပထမအပတ်က လိပ်ကျကျေးရွာက ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျတာကြောင့် စစ်ဘေးရှောင် အရပ်သား ၁၀ ယောက် ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့ကြောင်း PDF တွေက ပြောပါတယ်။

ဒါအတူ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ထဲကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် သောင်းချီရှိနေပြီး စစ်ဘေးရှောင်စခန်းတချို့ ဆေးဝါးနဲ့ ရိက္ခာလိုအပ်ချက်ရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013