DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် ဆန်ကြမ်းတပြည် ကျပ် ၆,၀၀၀ ကျော်အထိ စျေးမြင့်တက်
DVB
·
August 26, 2024
တောင်ကုတ်တွင် ဆန်ကြမ်းတပြည် ကျပ် ၆,၀၀၀ ကျော်အထိ စျေးမြင့်တက်
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဆန်ကြမ်းတပြည်ကို ကျပ် ၆,၀၀၀ လောက်အထိ ပေးနေရပြီး အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့  ဒေသခံတွေထံက  သိရပါတယ်။

အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်က ခရီးသွားသူတွေ၊ ဈေးရောင်းဈေးဝယ်တွေကို ကန့်သတ်ထားတဲ့အတွက် တောင်ကုတ်မှာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေပြီး ဆန်ကြမ်းတပြည်ကို ကျပ် ၆,၀၀၀ ကျော်၊ ဆီတပိဿာကို ကျပ် ၃၀,၀၀၀ ကျော်အထိ ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပါတယ်။

တောင်ကုတ်မြို့ခံတယောက်က “စမူဆာတခုကို အခုဆိုရင် ၁,၀၀၀ နား ကပ်နေပြီ။ ကော်ဖီတထုပ် ဆိုရင်လည်း ၁,၀၀၀ ဖြစ်နေပြီ။ ဘာလို့တက်တာလဲဆိုတော့ စစ်တပ်က ပိတ်ဆို့ထားတာလေ။ တောင်ကုတ်ကနေ ပြည်ကို သွားတာ၊ တောင်ကုတ်ကနေ အမ်းကို သွားတဲ့ဂိတ်တွေဖြတ်ဖို့ အဆင့်ဆင့် စာတင်ပြီးမှ သွားလို့ရတယ်။ ကုန်ကားတွေ ပေးမဖြတ်ဘူး။ တပိုင်တနိုင်ပဲ ကုန်သယ်ရတာ ဆိုတော့ ကုန်ဈေးနှုန်းက ကြီးပြီပေါ့။ ဈေးရောင်းဈေးဝယ် လုပ်တဲ့သူတွေကလည်း အသက်စွန့်သွားနေကြရတာ” လို့ ပြောပါတယ်။

တောင်ကုတ်-အမ်း လမ်းပိုင်းမှာဆိုရင် ဆိုင်ကယ်နဲ့ ခြေကျင်လျှောက်သူတွေကိုသာ သွားခွင့်ပြုပြီး ဈေးရောင်းဈေးဝယ် ပြုလုပ်သူတွေဟာ စစ်ကောင်စီဂိတ်မှာ မှတ်ပုံတင်ထားခဲ့ရသလို ကားကြီးတွေနဲ့ သုံးဘီးဆိုင်ကယ်တွေကို ဖြတ်သန်းခွင့် မပေးထားဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေကို ဖြတ်သန်းနေရတဲ့ တောင်ကုတ်မြို့ခံတွေဟာ ပြည်မြို့ကို အဓိကသွားရောက်ကာ ကုန်ပစ္စည်းဝယ်ယူနေကြရတာဖြစ်ပြီး တားမြစ်ပစ္စည်းပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုန်ပစ္စည်းတွေ အသိမ်းခံရတာ၊ ငွေညှစ်ခံရတာတွေ ကြုံနေရတယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့က ကုန်စည်ရောင်းဝယ်နေသူတယောက်က “ဈေးကြီးတာလည်း မပြောနဲ့လေ၊ စစ်တပ်ဂိတ်ကို ပေးရတာတင် မနည်းဘူး။ ဂျုံလေးတအိတ် တင်လာတာတောင် မရဘူးပြောလို့ ၁၀,၀၀၀၊ ၁၅,၀၀၀ လောက်ပေးမှ ဖြတ်ခွင့်ပေးတယ်။ ဆန်ဆိုလည်း အိတ်လိုက် သယ်ဖို့မလွယ်ဘူး။ ဒီလိုဖြစ်နေတာ တောင်ကုတ်တခုတည်းတော့ မဟုတ်ဘူး။ ကျောက်ဖြူဘက်၊ စစ်တွေဘက်မှာလည်း ဈေးတွေတက်နေတယ် ကြားတယ်” လို့ ပြောပါတယ်။

အခုအခါ တောင်ကုတ်မြို့မှာ Shark အချိုရည်တဘူးကို ကျပ် ၉,၀၀၀၊ Max Plus တဘူးကို ကျပ် ၅,၀၀၀ ကျော်၊ Royal D တဘူးကို ကျပ် ၅,၀၀၀ ကျော်အထိ ပေးနေရကာ ဓာတ်ဆီတလီတာကိုလည်း ကျပ် ၁၅,၀၀၀ ကျော်အထိ ပေးနေရတယ်လို့ တောင်ကုတ်မြို့ခံတွေထံက သိရပါတယ်။

ဒီလို အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်တဲ့ဒဏ်တွေကို ခံနေရတဲ့ တောင်ကုတ်မြို့ခံတွေဟာ တခြားအရပ်ဒေသတွေကို ပြောင်းရွှေ့နေထိုင်လိုပေမဲ့ စစ်ကောင်စီက မြို့ကနေ ထွက်ခွာခွင့်မရအောင် ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013