DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ၇၅,၀၀၀ ခန့် ကရင်နီပြည်ရဲဌာန မီးရှို့ဖျက်ဆီး
DVB
·
August 26, 2024
စိတ်ကြွဆေးပြား ၇၅,၀၀၀ ခန့် ကရင်နီပြည်ရဲဌာန မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

ကရင်နီပြည်ရဲဌာနရှိ ရဲစခန်းအသီးသီးကနေ ဖမ်းဆီးအရေးယူဆောင်ရွက်ထားတဲ့ မူးယစ်ဆေးဝါးမှုတွေထဲကမှ တရားစီရင်ချက် အမိန့်ချထားပြီးတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၅၁ ပြားကို ဩဂုတ် ၂၅ ရက်နေ့ကျရောက်တဲ့ ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

မနေ့ ဩဂုတ် ၂၅ ရက်နေ့ကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာတော့ ရဲစခန်း ၇ ခုက ဖမ်းဆီးအရေးယူထားတဲ့ မူးယစ်ဆေးတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေကောင်စီ နဲ့ တခြားအဖွဲ့အစည်းတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း KSP က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခု သြဂုတ် ၂၅ ရက်မှာ CDM ရဲတပ်သား ၃၂၀ နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည် ရဲဌာန (KSP) ဟာ လက်ရှိမှာတော့ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွေမှာ ရဲစခန်း ၁၄ ခု နဲ့  ရဲကင်း ၁၈ ခုထိ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ပါတယ်။

“ကျနော်တို့ ကရင်နီပြည်ရဲဌာနမှာက ရဲစခန်းက စုစုပေါင်း အမှတ် ၁၅ အထိရှိတယ်။ ဒါပေမဲ့ စုစုပေါင်းရဲစခန်းက ၁၄ ခုပေါ့။ အမှတ် ၁၃ က မရှိဘူးပေါ့နော်။ ရဲကင်းက ၁၈ ခု၊ မြို့နယ်မှူးရုံးက ၅ ခုပေါ့နော်။ အဲဒါနဲ့ ကျနော်တို့ ဒီကရင်နီတဝန်းမှာထားရှိတယ်။ ရဲစခန်းကတော့ နေရာအနှံ့မှာ ရှိတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒီးမော့ဆို အနောက်၊ အရှေ့၊ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ မော်ချီး၊ မယ်စဲ့၊ ရွာသစ်၊ ရှားတော အဲဘက်မှာအစုံရှိပါတယ်ဗျ” လို့ KSP ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

ဒီ ၃ နှစ်တာ ကာလအတွင်း ကရင်နီပြည်ရဲဌာနမှာ အဖွဲ့ဝင်အင်အား ၆၃၈ ဦး ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၁၈၀ ပါဝင်ကြောင်း၊ ကရင်နီပြည်လူဦးရေနဲ့ လွှမ်းခြုံနိုင်ဖို့ ရဲအင်အား ၁၀၀၀ လိုအပ်ကြောင်းနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်ရဲ့ လူဦးရေနဲ့တွက်လိုက်ရင်တော့ အနည်းဆုံးအင်အားကို ၁၀၀၀ လောက်တော့ ခန့်မှန်းတယ်ပေါ့နော်။ ၁၀၀၀ နဲ့ ၁၅၀၀ အဲလောက်တော့ လိုအပ်တယ်။ ရဲကျတော့ ကျနော်တို့ အဓိက ရဲလုပ်ငန်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ လူထုခြေပြုလုပ်ငန်းနဲ့ ဝန်ဆောင်မှုပေးသွားဖို့ ရည်ရွယ်ပါတယ်။”

ကရင်နီပြည်ရဲဌာန  ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်အတွင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မှုနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းတွေ လေးစားလိုက်နာပြီး နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းသူ/သား ၁၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို အကျဉ်းသူ အကျဉ်းသား ၁၀၅ ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း KSP က အစီရင်ခံထားပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဒုတိယ-ဥက္ကဋ္ဌ ခွန်းဘီထူးကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုက အာဏာရှင်စနစ်ဖြစ်ပြီး ဒုတိယအကြီးဆုံး စိန်ခေါ်မူက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကာလမှာလည်း တရားဥပဒေစိုးမိုးရေး တာဝန်ဝတ္တရားကို လုပ်ဆောင်ဖို့အရေးကြီးကြောင်း ကရင်နီပြည်ရဲဌာန ၃ နှစ်ပြည့်မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

“မြန်မာနိုင်ငံရဲ့ အတိတ်ကာလကို ကြည့်ပါက ဥပဒေများစွာဟာ မျှတမှု၊ လွမ်းခြုံမှု ကင်းမဲ့ခဲ့သလို လူထုနဲ့ အသင်းအဖွဲ့များစွာဟာ ဥပဒေများနှင့် လူ့တန်ဖိုးများထက် ကျော်လွန်ပြီး ရပ်တည်လိုတဲ့အပြင် ပြည်သူများစွာဟာ တရားဥပဒေစိုးမိုးမှုကို တန်ဖိုးမထားတာ ဖြစ်ခဲ့ပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်း အဓိက လုပ်ဆောင်နေပေမဲ့ အနာဂတ်ကာလများမှာ တရားဥပဒေစိုးမိုးရေးက အဓိကကျပါတယ်။ ဒါကြောင့် တော်လှန်ရေး တပ်ဖွဲ့က အရေးကြီးတဲ့ တာဝန်ဝတ္တရားကို လုပ်ဆောင်နေသလို ရဲများဟာ ဒုတိယအရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ဝတ္တရားကို လုပ်ဆောင်နေတာဖြစ်တယ်။ အရေတော်ပုံပြီးသွားချိန် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု တပြိုင်နဲ့တည်း ရယူကြဖို့ လိုပါတယ်။ ကရင်နီပြည်မှာ တည်ဆောက်နေသလို တနိုင်ငံလုံးကလည်း အရေးတော်ပုံ ပြီးသွားချိန် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု တပြိုင်နဲ့တည်း ရယူကြဖို့ တိုက်တွန်းလိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013