DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့် ဝက်လက်တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းတို့ တိုက်ခိုက်ခံရ
DVB
·
August 26, 2024
တနင်္သာရီနှင့် ဝက်လက်တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းတို့ တိုက်ခိုက်ခံရ
1 / 2
Donate to DVB

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ တံတားစစ်ဆေးရေးဂိတ်တို့မှာ တပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သြဂုတ် ၂၄ ရက် မနက် ၈ နာရီခွဲလောက်က အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင် စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက “မိနစ် ၃ဝ လောက်ကြာတယ်။ ၅၅၇ တပ်က လက်နက်ကြီးတွေ အမြောက်အမြား ပြန်ပစ်လို့ ပြန်ဆုတ်ခွာခဲ့ရတယ်။ ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီး မနက် ၉ နာရီမှာ တနင်္သာရီမြို့ဝင် တံတားစစ်ဆေးရေးဂိတ်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အရှေ့ တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီခွဲလောက်မှာလည်း ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ၃ နေရာစလုံးကို တနေ့တည်းအတွင်း တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၅ ယောက် ထိခိုက်မှုရှိကာ အရာရှိ ဗိုလ်တယောက် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရတယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက “စနိုက်ပါနဲ့ သွားချောင်းပစ်လို့ ပစ်မှတ်ကို အတိအကျ ပစ်နိုင်ခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ကြောင်းမှူးတွေက အတည်ပြုပေးပါတယ်။ သေတာက တဦးတည်းပါ။ သေတဲ့တယောက်က တံတားဂိတ်ကပါ။ အရာရှိ ဗိုလ်တဦးလို့ပြောတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွေ သွားရောက်တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ နဲ့ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းပိုင်းမှာ သြဂုတ် ဒုတိယအပတ်လောက်ကစပြီး စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တမုတ်ချုံးကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ကားလမ်းပိုင်းကို ယာယီပိတ်လိုက်ရကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီစစ်ကြောင်းဘက်က ၄ ယောက်သေဆုံး၊ ၉ ယောက် ဒဏ်ရာရပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သြဂုတ် ၁၁ ရက်က မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၂၅ ရက် မနက်အစောပိုင်းမှာ စီးနင်းဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကူပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံဈေးသည်တယောက်က “မနက်ခင်း အစောပိုင်း ၅ နာရီလောက်က ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တာဗျ။ လက်နက်ငယ်အသံ ပစ်တဲ့အသံ ကြားလိုက်တယ်။ လေယာဉ်နဲ့ လာပစ်တဲ့အချိန်က ၈ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်သွားတယ်။ ချတဲ့နေရာကတော့ အတိအကျ မသိဘူးအစ်ကို။ ပေါက်ကွဲတဲ့ အသံကတော့ ၂ ခါ ကြားလိုက်ရတယ်။ အထိအခိုက်ကတော့ ဘာမှ သတင်းမကြားရသေးဘူး” လို့ ပြောပါတယ်။

ရှိမ်းမကားကျေးရွာဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်း‌ဘေးမှာ တည်ရှိပြီး စဥ့်ကူး၊ မတ္တရာ၊ ဝက်လက်၊ စစ်ကိုင်း စတဲ့ မြို့နယ် ၄ ခု နယ်အစပ်မှာရှိတဲ့ ကျေးရွာတရွာဖြစ်သလို စစ်ကောင်စီက အခိုင်အမာ တပ်စွဲနေထိုင်တဲ့ နယ်မြေခံရဲစခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ကျားကြီးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက “အလစ်ဝင်တိုက်ခဲ့တာဗျ။ နယ်ကျွံလာပြီး ကင်းလှည့်တဲ့ စစ်(-)တကောင်ကတော့ ပစ်နိုင်ခဲ့တယ်။ တိုက်ပွဲ ပြင်းထန်မယ့်အချိန်ကို စစ်တပ်က လေယာဉ်နဲ့ပစ်လို့ တပ် နောက်ပြန်ဆုတ်ထားတယ်” လို့ ပြောပါတယ်။

ရှိန်းမကားကျေးရွာရဲစခန်းက စစ်သားတွေဟာ ၂၀၂၃ ခု ဇူလိုင် ၁၄ ရက် ညမှာ သောက်စားမူးယစ်ပြီး ရွာမြောက်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး စည်ပင်သာယာစျေးနဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013